၁၃.၈.၂၀၂၆
Written by Linn Eain
ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားနေသည့် လသာမြို့နယ်ရှိ ၁၉ လမ်း(တရုတ်တန်း)ကို ၅ ရက်မှ ၇ ရက်အထိ ဩဂုတ် ၁၃ ရက်က စတင်၍ပိတ်ခိုင်းထားပြီး ဆိုင်ခန်းများနှင့် လမ်းဘေးဈေးသည်များလည်း ပိတ်သိမ်းထားကြောင်း သိရသည်။
လသာမြို့နယ်ရှိ ၁၉ လမ်းအပါအဝင် ၁၈ လမ်း၊ လမ်း ၂၀ တို့တွင်လည်း လမ်းဘေးဈေးသည်များ ဈေးရောင်းခြင်းကို တားမြစ်ထားကြောင်း သိရသည်။
လသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဒေါ်အေးမြသဲဖြူက “လသာမြို့နယ် ၁၉ လမ်းနဲ့ လမ်း ၂၀ ကို ဒီနေ့ကနေ ၅ ရက်အထိ အတိအကျပိတ်ထားဖို့ ပြောထားပါတယ်။ ဒီအတောအတွင်း ရောဂါဖြစ်ပွားမှုပေါ်မူတည်ပြီး ကျန်းမာရေးအခြေအနေအရ ပိတ်ရက်လျှော့တာ၊ တိုးတာကို လုပ်သွားဖို့ရှိပါမယ်။ စားဝတ်နေရေးလည်း ရှိပါတယ်။ တစ်လအထိ ပိတ်ထားမယ်ဆိုတာ မဟုတ်ပါဘူး” ဟု ဩဂုတ် ၁၃ ရက်၊ နေ့လယ် ၃ နာရီခွဲတွင် ပြောကြားခဲ့သည်။





နာမည်ကျော် တရုတ်တန်း ၁၉ လမ်းတွင် စားသောက်ဆိုင်များ၊ ဘီယာဆိုင်များ၊ လမ်းဘေးဈေးရောင်းသူများဖြင့် ရန်ကုန်မြို့၊ လသာမြို့နယ်တွင် လူစည်ကားသည့်နေရာဖြစ်ပြီး ယခုအခါ ရှင်းလင်းလျက်ရှိသည်။
၁၉ လမ်းတွင် နေထိုင်သူတစ်ဦးက ” ဒီနေ့စပိတ်ခိုင်းထားတာ မနက်မှ သိရတယ်။ ရောဂါအခြေအနေကို ကြည့်ရပြီး ရက်ထပ်တိုးတာ၊ ရက်လျှော့တာတွေ လုပ်မယ်လို့ပြောတယ်။ အခုကတော့ ၅ ရက်ပေါ့။ တစ်ပတ်လည်း ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ် ” ဟု ပြောကြားခဲ့သည်။
ရန်ကုန်မြို့လယ် လေးမြို့နယ် (လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတားမြို့နယ်) တွင်ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် လမ်းဘေးဆိုင်များ ပိတ်ခိုင်းထားသလို လက်ရှိအချိန်အထိ ဆေးရုံတင်ပို့ကုသခံနေရသူ ၁၈၀ ကျော်အနက် ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါပိုးတွေ့သူ ၅၄ ဦးရှိကာ သက်ကြီးလူနာတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
