◾ ကျူးလွန်သူယာဥ်မောင်း မောင်းနှင်သော ယာဥ်အား Telematic ဖြုတ်သိမ်းခြင်း၊ အမြန်လမ်းအသုံးပြုခွင့်ပိတ်ခြင်းနှင့် ရွှေလင်းယုန် ယာဥ်လိုင်းအား သတိပေးခြင်းပါ ပြုလုပ်
သက်တံ့
၂၇. ၉. ၂၀၂၆
အမြန်လမ်းတွင် ခရီးသည်တင်ယာဥ်မောင်းနှင်နေရင်း TikTok ရိုက်သော ရွှေလင်းယုန်ယာဥ်လိုင်းမှ ယာဥ်မောင်းအား အမှုဖွင့်ထားကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
Telematics စနစ်တပ်ဆင်၍ ရန်ကုန်-မန္တလေး အမြန်လမ်းကိုဖြတ်သန်းအသုံးပြုကာ ရန်ကုန်-မော်လမြိုင် ခရီးစဥ်ပြေးဆွဲလျက်ရှိသော ရွေလင်းယုန်ယာဥ်လိုင်း အဖွဲ့ဝင် ခရီးသည်တင် Express ယာဉ် အမှတ် 2G-5403 YUTONG ၏ ယာဉ်မောင်းသည် အမြန်လမ်းပေါ်တွင် ယာဉ်မောင်းနှင်နေစဉ်အတွင်း Tik Tok ဆိုရှယ်မီဒီယာသုံး၍ တေးသရုပ်ဖော်ဗွီဒီယိုရိုက်ကူး Live လွှင့်ခြင်း/ပို့စ်တင်ခြင်း များအကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။
ထိုယာဥ်မောင်းတင်ဆက်သော Tik Tok ဗွီဒီယိုများ၏ Comment Box တွင် Tik Tok သုံးစွဲသည့်အများပြည်သူတို့ကကားမောင်းစဥ် Tik Tok ရိုက်ကူးခြင်းသည် ခရီးသည်များ၏ အသက်အန္တရာယ်ဖြစ်စေနိုင်သော အလွန်ဆင်ခြင်မှုကင်းမဲ့သည့် အပြုအမူဖြစ်၍ ထိုသို့မပြုလုပ်သင့်ကြောင်း Comments (မှတ်ချက်)များ ရေးသားခဲ့ရာ ပို့စ်ပိုင်ရှင် ယာဉ်မောင်းမှ လက်မခံဘဲအလွန်ရိုင်းပြစွာ တုန့်ပြန်ရေးသားခဲ့သည်။
ဤကဲ့သို့ ပြုမှုဆောင်ရွက်မှုများသည် အမြန်လမ်းမကြီးသုံးစွဲသော ခရီးသွားပြည်သူအားလုံးအတွက် အလွန်အန္တရာယ်ကြီးသောကိစ္စဖြစ်၍ 2G-5403 ယာဉ်အား Telematic ကဒ် ဖြုတ်သိမ်းပြီး အမြန်လမ်းအသုံးပြုခွင့် ပိတ်သိမ်းခြင်း၊ ရွှေလင်းယုန်ယာဥ်လိုင်းအားယခုကဲ့သို့ဖြစ်စဥ်များထပ်မံဖြစ်ပွားပါက ယာဥ်လိုင်းတစ်ခုလုံး အမြန်လမ်းသုံးစွဲခွင့်ပိတ်သိမ်းအရေးယူမည့်အကြောင်း ပြင်းထန်စွာသတိပေးခြင်း၊ စည်းကမ်းမလိုက်နာသူယာဥ်မောင်းအားတရားဥပဒေအရဆက်လက်အရေးယူရန် အမြန်လမ်းမကြီးရဲတပ်ဖွဲ့သို့တိုင်ကြားခြင်းများပြုလုပ်ခဲ့သည်။
အမြန်လမ်းအသုံးပြုသောယာဉ်မောင်းများအနေဖြင့်ယာဉ်မောင်းနှင်နေစဉ် ဖုန်းပြောခြင်း၊စာတို SMS ပို့ခြင်း၊ Tik Tok ရိုက်ကူးခြင်း၊ လူမှုကွန်ရက်/အင်တာနက်သုံးခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ကွမ်းထွေးခြင်း စသည့် စိတ်အာရုံပျံ့လွင့်စေသော အပြုအမူများ (လုံးဝ)မလုပ်ကြရန်၊ မိမိယာဉ်၏ ကြံ့ခိုင်မှုအားလမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးကြရန်လိုအပ်ပြီး မိုးရွာနေချိန်/ ညအချိန်များ တွင် အရှိန်လျှော့ချ မောင်းနှင်ကြပါရန်နှင့်ယာဉ်အမျိုးအစားအလိုက်သတ်မှတ်အမြန်နှုန်းထက် ပို၍မောင်းနှင်ခြင်း မပြုကြပါရန်လည်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အထူးသတိပေးထားသည်။
