၁၃.၈.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)မိုင် တိုးဂိတ်အနီးတွင် ရပ်ထားသော ကုန်ပစ္စည်းမ,တင်သည့်ယာဥ် (Forklift) ကားကို ဆိုင်ကယ်တစ်စီး ဝင်တိုက်မိရာမှ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့မှု သြဂုတ်လ ၁၂ ရက် ည ၇ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ပါရမီလူမှုကူညီရေးအသင်း၊မိုင်းယု(၁၀၅)မိုင်ထံမှ သိရသည်။
အမျိုးသားနှစ်ဦး စီးလာသော ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသည့် ကုန်ပစ္စည်းမ, တင်သည့်ယာဥ်ကို တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ အသက် ၄၅ နှစ်အရွယ် ဦးထွန်းကျော် သေဆုံးခဲ့ကြောင်း သိရသည်။

“ဆုံးသွားတဲ့အမျိုးသားက ကောင်းဝှက်ကျေးရွာမှာနေထိုင်တဲ့ ရွှေ့ပြောင်းလုပ်သားပါ။ ကားကို ဝင်တိုက်တဲ့ အရှိန်ကြောင့် နေရာမှာပဲ ဆုံးသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦးမှာလည်း ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့သဖြင့် ပါရမီလူမှုကူညီရေးအသင်းမှ အသင်းဝင်များက မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် သေဆုံးသူ ဦးထွန်းကျော်ကို ယနေ့ သြဂုတ်လ ၁၃ ရက် နံနက်ပိုင်းက မိုင်းယုသုသာန်တွင် ပါရမီလူမှုကူညီရေးအသင်းမှ မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။
