သက်တံ့
၁၃. ၆. ၂၀၂၆
သီရိလင်္ကာအစိုးရသည် အသက်မွေးဝမ်းကျောင်း ပညာရေးအရည်အသွေး မြှင့်တင်ရန်အတွက် ၂၀၂၇ ခုနှစ်မှ ၂၀၃၁ ခုနှစ်အတွင်း သီရိလင်္ကာ ရူပီး ၄၂ ဘီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၁၂၅ ဒသမ ၅၈ သန်းခန့်) လျာထားသုံးစွဲသွားရန် စီစဉ်နေကြောင်း ဝန်ကြီးချုပ်လည်းဖြစ်၊ ပညာရေး၊ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရေး ဝန်ကြီးလည်းဖြစ်သူ ဟာရီနီ အမရာသူရိယ (Harini Amarasuriya) က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
စုစုပေါင်း လျာထားချက်အနက် ရူပီး ၄ ဘီလီယံခန့်ကို အသက်မွေးဝမ်းကျောင်း သင်တန်းအာဏာပိုင်အဖွဲ့ (VTA) သို့ လွှဲပြောင်းပေးအပ်သွားရန် မျှော်မှန်းထားပြီး အဆိုပါအဖွဲ့အစည်းကို ပြည်နယ်တိုင်းတွင် ထူးချွန်ထက်မြက်သည့် ဗဟိုဌာနတစ်ခုဖြစ်လာစေရန် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည့် အစီအစဉ်များလည်း ပါဝင်သည်။
ကိုလံဘိုမြို့ရှိ Bandaranaike မေတ္တာယဉ်ကျေးမှု အထိမ်းအမှတ် အပြည်ပြည်ဆိုင်ရာ ညီလာခံခန်းမ၌ ကျင်းပသည့် VTA ၏ ၅ ကြိမ်မြောက် ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားတွင် ပြောကြားရာ၌ အမရာသူရိယက ယခုစီစဉ်ထားသော ပြုပြင်ပြောင်းလဲမှုများတွင် ကမ္ဘာ့လိုအပ်ချက်နှင့် ကိုက်ညီသည့် သင်တန်းများ မိတ်ဆက်ပေးခြင်း၊ သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ခြင်း၊ ဝန်ထမ်း လစ်လပ်နေရာများ ဖြည့်ဆည်းပေးခြင်းနှင့် ကျောင်းသားများအတွက် အဆောက်အအုံ/ပစ္စည်းကိရိယာ အထောက်အကူများကို မြှင့်တင်ပေးခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
အစိုးရအနေဖြင့် နိုင်ငံ၏ စာမေးပွဲကိုသာ ဗဟိုပြုသည့် ရိုးရာပညာရေးစနစ်ထက် ကျော်လွန်၍ ပညာရေးအခွင့်အလမ်းများကို တိုးချဲ့ရန်နှင့် ကျောင်းသားများအတွက် ပညာရေးနှင့် အလုပ်အကိုင် ရရှိရေးဆိုင်ရာ အခြားရွေးချယ်စရာ လမ်းကြောင်းများကို ပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်းလည်း သူမက ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် သင်တန်း ၁၅ ခုမှ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ပြီးမြောက်ခဲ့သူ ကျောင်းသား စုစုပေါင်း ၇၁၇ ဦးအား ဒီပလိုမာဘွဲ့များ အပ်နှင်းခဲ့သည်။
အသက်မွေးဝမ်းကျောင်း ပညာရေးဆိုင်ရာ ဒုတိယဝန်ကြီး နာလင် ဟီဝါဂေး (Nalin Hewage) က လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် သရီလင်္ကာ၏ အမျိုးသားတိုးတက်ရေးအတွက် ဆက်လက်အရေးပါနေဆဲဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့် လူငယ်များ၏ ယုံကြည်မှုကို မြှင့်တင်ပေးရင်း မတူကွဲပြားသော ပညာရေးအခွင့်အလမ်းများကို ဖန်တီးပေးရန် ရည်မှန်းထားကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
Ref : Xinhua
