သက်တံ့
၇. ၈. ၂၀၂၆
မဲမသမာမှုများနှင့် အဂတိလိုက်စားမှုများကြောင့် နေအိမ်အကျယ်ချုပ်ချ ထိန်းသိမ်းခံထားရသူ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေးအမှုနှင့် ဆက်နွှယ်သည့် အကျဉ်းသားများအား ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် အမေရိကန် နိုင်ငံခြားရေးဌာနနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဥက္ကဋ္ဌတို့က သောကြာနေ့ (ဩဂုတ် ၇ ရက်) တွင် ထပ်မံတောင်းဆိုလိုက်ကြသည်။
တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့ပြီး ကျန်းမာပကတိရှိနေသည်ကို တွေ့ရသလို မွေးနေ့ကိတ်ပင် လှီးဖြတ်နေသည်ကို တွေ့ရသည်။ ထို့အပေါ် အမေရိကန် နိုင်ငံခြားရေးဌာနနှင့် အာဆီယံဥက္ကဋ္ဌတို့၏ သီးခြားထုတ်ပြန်ချက်များကလည်း ICRC ၏ သွားရောက်တွေ့ဆုံမှုကို ကြိုဆိုခဲ့ကြကြောင်းနှင့် အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အတွက် ဆေးဝါးကုသခွင့် အပါအဝင် ပုံမှန်တွေ့ဆုံခွင့်ရရှိရေး စတင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။


“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရသူတွေထံ ဝင်ရောက်တွေ့ဆုံခွင့်ကို ပိုမိုတိုးမြှင့်ပေးဖို့ တိုက်တွန်းကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်ချက်မရှိဘဲ အပြည့်အဝ ပြန်လွှတ်ပေးရေးအပါအဝင် အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုမှုကို ထပ်လောင်းပြောကြားပါတယ်”ဟု အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန် နိုင်ငံခြားရေးဌာနကလည်း X (တွစ်တာ) စာမျက်နှာတွင် “ဒီတွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစုကြည်ထံ ပုံမှန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်တွေ့ဆုံခွင့်ရဲ့ စတင်မှုဖြစ်ပြီး အကျဉ်းသားအားလုံးထံ ပိုမိုဝင်ရောက်နိုင်ရေး လမ်းစတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ရေးသားခဲ့ပြီး သူမအား “ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန်” တောင်းဆိုခဲ့သည်။
ထို့အပြင် အမေရိကန် နိုင်ငံခြားရေးဌာနက အာဏာထိန်းသိမ်းပြီးနောက် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို အဆုံးသတ်ရန်အတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။
အာဆီယံဥက္ကဋ္ဌကလည်း အာဆီယံ၏ တူညီဆန္ဒ (၅) ချက်ပါ ငြိမ်းချမ်းရေးမူဘောင်အတိုင်း မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးနှင့် ထိတွေ့ဆက်ဆံရာတွင် အာဆီယံ အထူးသံတမန်၏ အခန်းကဏ္ဍကို ထပ်လောင်းအတည်ပြုခဲ့သည်။
အထူးသံတမန်အနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်ခွင့်ရရှိပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံနိုင်ရေးကို မျှော်လင့်ကြောင်းလည်း ဖော်ပြထားသည်။
ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ်အတွက် အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သော အာဆီယံ၏ ဥက္ကဋ္ဌတာဝန်ကို ရယူထားသည်။
Ref : Reuters

