၇.၈.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့အနီး နောင်ရဲရွာတွင် ကျေးရွာမှ ပျောက်ဆုံးသွားသော အသက် ခြောက်နှစ်အရွယ် မိန်းကလေးငယ်ကို ရေတွင်းထဲ၌ နားကပ်မပါတော့ဘဲ သေဆုံးလျက်သားရုပ်အလောင်းအဖြစ် သြဂုတ်လ ၆ ရက် ည ၁၁ နာရီခန့် ပြန်လည်တွေ့ရှိခဲ့ကြောင်း ရုပ်အလောင်းသွားရောက်သယ်ယူပေးခဲ့သည့် နာရေးကူညီမှုအသင်း (အောင်ပန်း) ထံမှ သိရသည်။
KG တန်းတွင် ပညာသင်ကြားနေသော အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်မှာ ကျေးရွာမှ သြဂုတ်လ ၆ ရက် ညနေ ၅ နာရီခွဲတွင် ပျောက်ဆုံးသွားခဲ့သဖြင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းရှာဖွေခဲ့ရာ ည ၁၁ နာရီခန့်တွင် ဆုတောင်းပြည့် ငါးဆူတောင်ဘုရား၏ ရေတွင်းထဲ၌ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
“ကလေးက တစ်အိမ်ကျော်က သူငယ်ချင်းအိမ်မှာ စာသွားကျက်မယ်ဆိုပြီး ထွက်သွားတာ။ အချိန်ကြာလို့ ပြန်မလာတော့ မိဘက လာခေါ်တော့ သူငယ်ချင်းအိမ်က ပြန်သွားပြီး ပျောက်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။




သေဆုံးသူမိန်းကလေးငယ်၏ နားတွင် နားကပ်မပါတော့ဘဲ ပြန်လည်တွေ့ရှိခဲ့ပြီး ရုပ်အလောင်းကို နာရေးကူညီမှုအသင်း (အောင်ပန်း) မှ အသင်းဝင်များက အောင်ပန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“ပစ္စည်းဖြုတ်ယူပြီးရင် တော်ပြီပေါ့။ ခုတော့ ကလေးကိုရက်ရက်စက်စက် သတ်လိုက်ပြီး ရေတွင်းထဲ ပြုတ်ကျသယောင်လုပ်လိုက်တာ”ဟု အောင်ပန်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ရေတွင်းထဲတွင် တွေ့ရှိသေဆုံးနေသော ကလေးငယ်နှင့်ပတ်သက်၍ အောင်ပန်းနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဥ် ရေးဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။
