သက်တံ့
၆. ၈. ၂၀၂၆
ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာပေါင်းစုံ စွန့်စားယှဉ်ပြိုင်မှု အဖွဲ့အစည်းဖြစ်တဲ့ UFC က စက်တင်ဘာ ၁၉ ရက် (စနေနေ့) မှ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena မှာ ကျင်းပပြုလုပ်မယ့် UFC 331 ပြိုင်ပွဲကြီးရဲ့ အဓိကခေါင်ပွဲအဖြစ် World Flyweight Championship မကျေပွဲ (Rematch) ကို ထည့်သွင်းကျင်းပသွားမယ်လို့ ဒီနေ့မှာ တရားဝင် ကြေညာခဲ့ပါတယ်။
UFC 331 ရဲ့ ခေါင်ပွဲမှာ လက်ရှိ မြန်မာပြည်ဖွား ဖလိုင်းဝိတ်ချန်ပီယံခါးပတ်ပိုင်ရှင် ဂျော့ရှဝါဗန် (Joshua Van) နဲ့ အဆင့် (၁) စိန်ခေါ်သူ အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre Pantoja) တို့ ဒုတိယအကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံကာ ရွှေခါးပတ်အတွက် ယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပါတယ်။
ဒီပြိုင်ပွဲကြီးရဲ့ Main Card ပွဲစဉ်တွေဟာ မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက်၊ တနင်္ဂနွေနေ့ နံနက် ၈:၃၀ နာရီခန့်မှာ စတင်ပြသမှာဖြစ်ပါတယ်။

ပန်တိုဂျာနဲ့ ဗန်တို့ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှာ ကျင်းပတဲ့ UFC 323 မှာ ချန်ပီယံလုပွဲ ဆင်နွှဲခဲ့တာဖြစ်ပြီး အဲဒီပွဲစဥ် စက္ကန့် ၂၀ မှာတင် ဗန့်ကိုကန်တဲ့ ပန်တိုဂျာရဲ့ ခြေထောက်ကို ကိုင်ပေါက်ပြီး ပန်တိုဂျာကို လက်မောင်းအဆစ်ပြုတ်စေခဲ့တာကြောင့် ဒိုင်ပွဲရပ်နဲ့ ပန်တိုဂျာရှုံးပြီး ဗန်က အာရှရဲ့ ပထမဆုံး UFC ဖလိုင်းဝိတ်ချန်ပီယံအဖြစ် မြန်မာနိုင်ငံကို ဂုဏ်တင့်စေခဲ့တာပါ။
ဒီပွဲဟာ မတော်ချီ ချန်ပီယံလို့လည်း ဗန့်ကို ဝေဖန်ခဲ့ကြပေမဲ့ မေလ ၉ ရက်က ကျင်းပတဲ့ UFC 328 မှာတော့ ဗန်ဟာ ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာနဲ့ ချန်ပီယံကာကွယ်ပွဲ ဆက်လက်ဆင်နွှဲခဲ့ပြီး ဗန့်ထက်သာတယ်လို့ အမွှမ်းတင်ခံနေရတဲ့ တိုင်ရာကို မျက်နှာတစ်ခုလုံးစုတ်ပြန်သွားအောင် အလဲထိုးပြီး ခြောက်လနားအောင် စွမ်းဆောင်ပြလိုက်ခြင်းအားဖြင့် ချန်ပီယံဆုနဲ့ မထိုက်တန်ဘူးလို့ ပုပ်ခတ်နေတဲ့ အောက်လေတွေကို ပါးစပ်ပိတ်စေခဲ့ပါတယ်။
တိုင်ရာနဲ့ ပွဲမှာ ဗန်ရဲ့ ထိုးသတ်ပုံကို မျက်ဝါးထင်ထင်မြင်လိုက်ရပြီးနောက်မှာ ပန်တိုဂျာအပါအဝင် ဖိုက်တာတွေ၊ ပရိသတ်တွေက ဗန်ဟာ ချန်ပီယံဆုနဲ့ ထိုက်တန်ကြောင်း လက်ခံလိုက်ကြပေမဲ့ စက္ကန့် ၂၀ နဲ့ ရှုံးခဲ့ရတဲ့ ချန်ပီယံခါးပတ်ငါးဆုရှင် ပန်တိုဂျာကတော့ သူ လက်လွှတ်ခဲ့ရတဲ့ ဖလိုင်းဝိတ်ချန်ပီယံခါးပတ်ကို ပြန်လည်ရယူနိုင်ဖို့ အဆက်မပြတ်စိန်ခေါ်ခဲ့သလို UFC ကလည်း ပွဲပြန်ပေးခဲ့တာကြောင့် UFC 331 ဟာ ဆွဲဆောင်မှု မြင့်တက်နေသလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒီချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ မြန်မာနိုင်ငံနဲ့ မြန်မာ့အလံကို ချစ်ခင်လေးစားတန်ဖိုးထားတဲ့ ဗန်ကပဲ ထပ်မံအနိုင်ရသွားမလားဆိုတာတော့….။
