သတိုး
၆. ၈. ၂၀၂၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို ဗန်ကောက်မြိုရှိ အစိုးရအိမ်တော်၊ Pakdi Bodin Building ၌ ယနေ့ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန်တို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲအပြီးတွင် ထိုင်းနိုင်ငံအစိုးရအိမ်တော် Inner Santi Maitri Building ၌ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ လုပ်သားများခန့်ထားရေးဆိုင်ရာ သဘောတူညီချက်၊ အာကာသနည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး နားလည်မှုစာချွန်လွှာ၊ နယ်နိမိတ်နှင့် နယ်စပ်ဖြတ်ကျော် မြစ်များ၏ ရေအရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန်များ စသည့် သဘောတူစာချုပ်နှင့်နားလည်မှုစာချွန်လွှာ လေးခုတို့အား နှစ်နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန်တို့၏ ရှေ့မှောက်၌ စာချွန်လွှာများကို လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အိမ်နီးချင်းထိုင်းနိုင်ငံသို့ ခရီးစဥ်သည် ဩဂုတ် ၆ ရက်မှ ၇ ရက်အထိ နှစ်ရက် ကြာမြင့်မည်ဖြစ်ပြီး ခရီးစဥ်အတွင်း ထိုင်းဝန်ကြီးချုပ် အနုထင်က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းအစိုးရအဖွဲ့ရုံးတွင် တရားဝင်အခမ်းအနားဖြင့် နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။ ထိုသို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုအပြင် ထိုင်းနိုင်ငံအမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်းနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်ပြီး နှစ်နိုင်ငံ စီးပွားရေးဖိုရမ်သို့ တက်ရောက်သွားရန်လည်း ရှိကြောင်း သိရသည်။






