သက်တံ့
၆. ၈. ၂၀၂၆
အီရန်နိုင်ငံ၏ အဓိပတိသစ် မိုဂျ်တာဘာ ခါမေနီ (Mojtaba Khamenei) နှင့် ဆက်သွယ်ရန် လက်ရှိတွင် အလွန်ခက်ခဲနေကြောင်း အီရန်သမ္မတ မတ်ဆော့ဒ် ပက်ဇက်ရှ်ကီယန် (Masoud Pezeshkian) က ဝန်ခံပြောကြားခဲ့သော်လည်း ၎င်း၏ ခေါင်းဆောင်မှုသည် အားအင်နှင့် သန္နိဋ္ဌာန်ကို ဆက်လက်ပေးစွမ်းနေဆဲဖြစ်ကြောင်း အလေးပေး ပြောဆိုခဲ့သည်။
“လက်ရှိအချိန်မှာ သူနဲ့ ဆက်သွယ်ဖို့ အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူရှိနေမှုဟာ ကျွန်တော်တို့ ဆက်လက်လျှောက်လှမ်းနိုင်ဖို့အတွက် အလွန်ကြီးမားတဲ့ အားအင်ရင်းမြစ်တစ်ခု ဖြစ်ပါတယ်”ဟု သမ္မတ ပက်ဇက်ရှ်ကီယန်က ပြောကြားခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။
အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်စေခဲ့သည့် အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုအတွင်း ခါမေနီသည် ဒဏ်ရာရရှိခဲ့သည်။ အမေရိကန်-အစ္စရေး တိုက်ခိုက်မှုတွင် သေဆုံးသွားခဲ့သည့် ဖခင်ဖြစ်သူ အလီ ခါမေနီ၏ ရာထူးကို ဆက်ခံခဲ့ပြီးနောက်ပိုင်း အီရန်ခေါင်းဆောင်သစ်သည် လူထုရှေ့သို့ ထွက်ပေါ်လာခြင်း မရှိသေးပေ။
မိုဂျ်တာဘာ ခါမေနီသည် စာရေးသားထားသည့် ထုတ်ပြန်ချက်များမှတစ်ဆင့်သာ ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး အမေရိကန်နှင့် ပဋိပက္ခဖြစ်ပွားနေချိန်တွင် ၎င်း၏ လူလုံးမပြဘဲ ငြိမ်သက်နေမှုက အခြား အီရန်ထိပ်တန်းအရာရှိများနှင့် ၎င်း၏ ဆက်ဆံရေးအပေါ် သံသယများ မြင့်တက်စေခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်ကလည်း အီရန်၏ အဓိပတိသစ်သည် “စိုးရိမ်စရာ အခြေအနေတွင် ရှိနေသည်”ဟု ပြောဆိုခဲ့သည်။
အထူးသဖြင့် မိုဂျ်တာဘာ ခါမေနီသည် လွန်ခဲ့သည့်လက ကျင်းပခဲ့သော ဖခင်ဖြစ်သူ၏ ဈာပနပွဲသို့ တက်ရောက်ခဲ့ခြင်းမရှိသည့်အတွက် ပိုမို အာရုံစိုက်စရာ ဖြစ်ခဲ့သည်။
သို့သော်လည်း ပက်ဇက်ရှ်ကီယန်က ခါမေနီကို ကာကွယ်ပြောဆိုခဲ့ပြီး ၎င်းနှင့်အတူ အကျိုးရှိသော အစည်းအဝေးများ ကျင်းပခဲ့ကာ ၎င်းတို့၏ တွေ့ဆုံဆွေးနွေးမှုများသည် ကြင်နာမှုနှင့် လွန်စွာ ခိုင်မာသည့် ယုတ္တိဗေဒများဖြင့် ပြည့်နှက်နေကြောင်း ပြောကြားခဲ့သည်။
“စိတ်မကောင်းစရာကတော့ လက်ရှိအခြေအနေကြောင့် မကင်းရာမကင်းကြောင်း သွေးထိုးလိုသူတချို့ဟာ သူ့အကြောင်းကို တစ်မျိုး ပုံဖော်ပြောဆိုနေကြပြီး သူ့ရဲ့ သွင်ပြင်ကို မတူညီတဲ့ ပုံရိပ်တစ်ခုအဖြစ် တင်ပြနေကြတာပါပဲ” ဟု ၎င်းက ဆိုသည်။
လတ်တလောတွင် သမ္မတ ပက်ဇက်ရှ်ကီယန်သည် ခါမေနီနှင့် သဘောထားကွဲလွဲလျက်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ထို့အတွက် အဓိပတိက သမ္မတထံ “နောက်ဆုံး သတိပေးချက်” ထုတ်ပြန်ခဲ့ကာ ဝါရှင်တန်နှင့် တီဟီရန်အကြား ဆွေးနွေးပွဲများနှင့် ပဋိပက္ခဆိုင်ရာ အရေးကြီးသော ဆုံးဖြတ်ချက်များတွင် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) တပ်မှူး အာမက် ဗာဟီဒီ (Ahmad Vahidi) အား အပြည့်အဝ ထောက်ခံပေးခဲ့သည်ဟု သတင်းများက ဆိုသည်။
အခြေအနေများကို သိရှိသည့် သတင်းရင်းမြစ်များကို ကိုးကား၍ အစ္စရေး သတင်းဌာန Channel 14 က အီရန်အဓိပတိသည် ပက်ဇက်ရှ်ကီယန်အား နုတ်ထွက်မည့်ကိစ္စမှ တားဆီးရန် ငြင်းဆန်ခြင်းဖြင့် သမ္မတ၏ အဓိက နိုင်ငံရေး ဩဇာအာဏာကို ထိရောက်စွာ ပယ်ဖျက်လိုက်ကြောင်း ဖော်ပြခဲ့သည်။
ပက်ဇက်ရှ်ကီယန်သည် အီရန်ခေါင်းဆောင်ပိုင်းနှင့် မူဝါဒဆိုင်ရာ အငြင်းပွားမှုများအတွင်း နုတ်ထွက်မည့် အလားအလာကို အကြိမ်ကြိမ် သုံးစွဲခဲ့ပြီး ၎င်း၏ အစိုးရအဖွဲ့သည် အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒ ဆုံးဖြတ်ချက်များမှ လုံးဝဘေးဖယ်ခံထားရသည်ဟု အကြောင်းပြကာ မေလတွင် နုတ်ထွက်စာ တရားဝင် တင်သွင်းခဲ့သည်ဟု အဆိုပါ အစီရင်ခံစာတွင် ရေးသားထားသည်။
Ref : Indian Express
