သတိုး
၆. ၈. ၂၀၂၆
ထိုင်းနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်သည့် မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်၏ ခရီးစဉ်အပေါ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် အတိုက်အခံ နိုင်ငံရေးသမားများထံမှ ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်နေသော်လည်း ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန်(Anutin Charnvirakul) က မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်အား နှစ်နိုင်ငံ ဆွေးနွေးပွဲများ ပြုလုပ်ရန် ထိုင်းအစိုးရအဖွဲ့ရုံး၌ ဩဂုတ် ၆ ရက်တွင် တရားဝင် ကြိုဆိုခဲ့သည်။
ထိုင်းစံတော်ချိန် နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် အနုထင်သည် အစိုးရအဖွဲ့ရုံးရှိ Thai Khu Fah အဆောက်အအုံရှေ့မြက်ခင်းပြင်၌ ဦးမင်းအောင်လှိုင်အား ကြိုဆိုခဲ့သည်။ မြန်မာနိုင်ငံတော်သမ္မတသည် ထိုင်းအစိုးရ၏ တရားဝင် ဧည့်သည်တော်အဖြစ် ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခြင်း ဖြစ်သည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် တရားဝင် ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့ကြသည်။ ထို့နောက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေး အမြင်ချင်းဖလှယ်ရန် Thai Khu Fah အဆောက်အအုံ၏ ဒုတိယထပ်တွင် သီးသန့် အစည်းအဝေး ပြုလုပ်ခဲ့ကြသည်။
ဝန်ကြီးချုပ်ရုံး၏ ပြောကြားချက်အရ Green Room ၌ ကျင်းပမည့် တရားဝင်အစည်းအဝေး (Plenary meeting) မစတင်မီ ဆွေးနွေးပွဲများတွင် နယ်စပ်ဖြတ်ကျော် ကိစ္စရပ်များ၊ စွမ်းအင် ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေး လွယ်ကူချောမွေ့စေရေးနှင့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး မြှင့်တင်ရေး ကြိုးပမ်းမှုများကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

◾️ ထိုင်းနိုင်ငံက အာဆီယံ၏ ထိတွေ့ဆက်ဆံမှုကို ထောက်ခံ
ယခုခရီးစဉ်မတိုင်မီ ဩဂုတ် ၄ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာရှိ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ မိန့်ခွန်းပြောကြားစဉ် အနုထင်က မြန်မာနိုင်ငံအပေါ် ထိုင်းနိုင်ငံ၏ ချဉ်းကပ်ဆောင်ရွက်ပုံကို ကာကွယ်ပြောဆိုခဲ့သည်။ အာဆီယံ၏ တူညီဆန္ဒ ၅ ချက်သည် မြန်မာ့အရေးကို ဖြေရှင်းရန် အဖွဲ့၏ အဓိက မူဘောင်အဖြစ် တည်ရှိနေဆဲဖြစ်ကြောင်းနှင့် “ချိန်ညှိထားသော ပြန်လည်ထိတွေ့ဆက်ဆံမှု” (Calibrated re-engagement) ပေါ်လစီကို ထိုင်းနိုင်ငံက ဆက်လက်ထောက်ခံကြောင်း စကားရပ်ကို ပြန်လည်အတည်ပြုခဲ့သည်။
ဤချဉ်းကပ်မှုသည် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းများကို ထိန်းသိမ်းရန်၊ ထိတွေ့ဆက်ဆံမှုအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်၊ မြေပြင်မှ ပကတိအခြေအနေများကို တုံ့ပြန်ရန်နှင့် ဒွန်တွဲနေသော တိုးတက်မှုများကို တွန်းအားပေးရန် ရည်ရွယ်ကြောင်း အနုထင်က ပြောကြားခဲ့သည်။
“ငြိမ်းချမ်းပြီး တည်ငြိမ်တဲ့ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံအဖြစ် ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားတင် မကဘဲ အာဆီယံရဲ့ ညီညွတ်ရေးနဲ့ ဒေသတွင်း တည်ငြိမ်ရေးအတွက်ပါ အရေးပါပါတယ်” ဟု ရည်ညွှန်းပြောဆိုခဲ့သည်။

◾️ အရပ်ဘက်အဖွဲ့အစည်းများက ခရီးစဉ်ကို ဝေဖန်
သို့သော်လည်း ဤခရီးစဉ်သည် ကျယ်ပြန့်သော ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုင်း အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၆ ဖွဲ့က ဦးမင်းအောင်လှိုင်၏ တရားဝင်ခရီးစဉ်ကို ကန့်ကွက်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။၊ ထို့အတူ ထိုင်း-မြန်မာ ဖောင်ဒေးရှင်း (Thai-Myanmar Foundation) ကလည်း ဩဂုတ် ၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြီး ယခုခရီးစဉ်သည် ဒေသတွင်း တရားဝင်မှု ရရှိရန် မြန်မာခေါင်းဆောင်၏ ကြိုးပမ်းမှုကို ရောင်ပြန်ဟပ်နေကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လတ်တလော ရွေးကောက်ပွဲ ပြုလုပ်ခဲ့သော်လည်း နိုင်ငံ၏ နေရာအချို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ထိန်းချုပ်ထားသည်။ ထိုင်းနိုင်ငံက ဦးမင်းအောင်လှိုင်အား နိုင်ငံတော်အကြီးအကဲအဖြစ် အသိအမှတ်ပြုခြင်းသည် မြန်မာ့တပ်မတော် အာဏာမြဲစေရန် ကူညီပေးရာရောက်ကြောင်းလည်း သတိပေးခဲ့သည်။

◾️ အတိုက်အခံများက အစိုးရ၏ ချဉ်းကပ်ပုံကို မေးခွန်းထုတ်
ပြည်သူ့ပါတီ (People’s Party) ဒုတိယခေါင်းဆောင် ရန်းဆီမန် ရောမ် (Rangsiman Rome) ကလည်း ဦးမင်းအောင်လှိုင်အား ဧည့်ခံရန် အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် မေးခွန်းထုတ်ခဲ့သည်။
သတင်းထောက်များနှင့် စကားပြောရာတွင် ရောမ်က မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးခြင်းသည် ကော့ခ်မြစ် (Kok River) အတွင်း အဆိပ်အတောက် ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းနိုင်ဖွယ် မရှိကြောင်း၊ အကြောင်းမှာ ပါလီမန်ကော်မတီက လက်ခံရရှိထားသည့် သက်သေထွက်ဆိုချက်များအရ သက်ဆိုင်ရာ ဒေသများသည် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် ယင်းအစား ကျားဖြန့် အွန်လိုင်းလိမ်လည်မှုကွန်ရက်များ၊ မူးယစ်ဆေးဝါး ကုန်ကူးမှု၊ လူကုန်ကူးမှုနှင့် ထိုင်းနိုင်ငံကို ထိခိုက်စေသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် ဆက်နွှယ်နေသော “ဝ” လက်နက်ကိုင်အဖွဲ့ကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည့် အချက်အပေါ် အာရုံစိုက်သင့်ကြောင်းလည်း ယင်းက စုံစမ်းပြောဆိုခဲ့သည်။
“ထိုင်းနိုင်ငံဟာ အမျိုးသားအကျိုးစီးပွားကို အမြဲတမ်း ဦးစားပေးရမှာ ဖြစ်ပါတယ်၊ ဒါပေမဲ့ အစိုးရ အခုလုပ်နေတာတွေဟာ နိုင်ငံရဲ့ အကျိုးစီးပွားကို အမှန်တကယ် အဓိပ္ပာယ်ရှိရှိ အထောက်အကူပြုရဲ့လား၊ ထင်သာမြင်သာရှိတဲ့ အကျိုးအမြတ် ဆောင်ကြဉ်းပေးရဲ့လားဆိုတာကိုတော့ ကျွန်တော် မယုံကြည်ပါဘူး။”ဟု ရောမ်က ပြောကြားခဲ့သည်။
သို့သော်လည်း မည်သည့် ဝေဖန်မှုများရှိနေစေကာမူ ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန်သည် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရားဝင်ဧည့်သည်တော်အဖြစ် ကမ္ဘာသိဖိတ်ကြားကာ ထိုင်းအစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်အထိထွက်ပြီး ကြိုဆိုဧည့်ခံပေးခဲ့ခြင်းဖြင့် ထိုင်းနိုင်ငံက မြန်မာနိုင်ငံတော်သမ္မတအား အသိအမှတ်ပြုကြောင်း ကမ္ဘာသိအောင်ပင် တရားဝင်လုပ်ဆောင်ပေးခဲ့ပြီ ဖြစ်သည်။
Ref : Khaosod
