သက်တံ့
၃၁. ၇. ၂၀၂၆
ပြင်သစ်နိုင်ငံတွင် ဇူလိုင် ၂၃ ရက်မှ စတင်ကျင်းပလျက်ရှိသည့် Esports ကမ္ဘာ့ဖလား (Esports World Cup 2026) Mobile Legend ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) ၏ MLBB အသင်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ယနေ့တွင် ဖိလစ်ပိုင်နိုင်ငံမှ Team Falcons PH အသင်းကို အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်လှမ်းသွားပြီဖြစ်ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် Esports World Cup 2026 MLBB ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု YG အသင်းသည် ဇူလိုင် ၁၉ ရက်တွင် မြန်မာနိုင်ငံမှထွက်ခွာခဲ့ပြီး ဇူလိုင် ၂၃ ရက်တွင် စတင်ယှဉ်ပြိုင်ခဲ့ရာ အုပ်စုပထမပွဲစဉ်တွင် ဆော်ဒီအာရေဗျနိုင်ငံမှ Geekay Esports အသင်းကို ၂-၀ ရလဒ်ဖြင့် လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် ကမ္ဘောဒီးယားနိုင်ငံမှ PRO Esports ကို ၂-၀ ရလဒ်ဖြင့် လည်းကောင်း အောင်မြင်ခဲ့သလိုဇူလိုင် ၂၉ ရက်က ကွာတားဖိုင်နယ်ပွဲစဉ်တွင် Double Elimination Format အရ ကမ္ဘောဒီးယားနိုင်ငံမှ PRO Esports အသင်းကိုပင် ၃ – ၀ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ ရှုံးပွဲမရှိဖြင့် တက်လှမ်းနိုင်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် ဖိလစ်ပိုင်နိုင်ငံမှ Team Falcons PH အသင်းကို ၃ – ၂ ရလဒ်ဖြင့် ထပ်မံ ကျော်ဖြတ်နိုင်ခဲ့သည့်အတွက် နောက်ဆုံးဗိုလ်လုပွဲဲကြီး Grand Final သို့ ရှုံးပွဲမရှိ တက်ရောက်နိုင်ခဲ့သည်။

Yangon Galacticos ၏ PUBG Mobile အသင်းသည် ယခင်နှစ်က ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် Esports ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးရရှိထားချိန် YG ၏ MLBB အသင်းကလည်း ဗိုလ်လုပွဲသို့ တက်နိုင်ခဲ့ပြီဖြစ်သဖြင့် ကမ္ဘာကျော် Esports ကစားနည်းနှစ်မျိုးတွင် မြန်မာနိုင်ငံက နှစ်နစ်ဆက် ကမ္ဘာ့ချန်ပီယံအိပ်မက် မက်ခွင့်ရနေပြီမှာ ဂုဏ်ယူဖွယ်ရာဖြစ်သည်။

မြန်မာကိုယ်စားပြု Yangon Galacticos (YG) အသင်းသည် ဗိုလ်လုပွဲတွင် ယနေ့ည ကျင်းပခဲ့သည့် ဒုတိယဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်သော ONIC Esports (အင်ဒိုနီးရှား) နှင့် Team Spirit (ရုရှား/CIS) တို့အနက်မှ အနိုင်ရရှိသည့် Team Spirit အသင်းနှင့် ကမ္ဘာ့ချန်ပီယံဆုအတွက် ထိပ်တိုက်ရင်ဆိုင်ရမည် ဖြစ်ပြီး ဗိုလ်လုပွဲကြီး (Grand Final) တွင် Yangon Galacticos အသင်းသည် ကမ္ဘာ့ချန်ပီယံဆုနှင့်အတူ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်းကို မြန်မာပြည်သို့ သယ်ဆောင်လာနိုင်မည်လားဆိုသည်ကို ရင်ခုန်စွာ အားပေးရတော့မည် ဖြစ်သည်။
