၃၁.၇.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်စု၊ ဆေးဘိုဝကျေးရွာ တွင် ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က လေးနှစ်အရွယ်ကလေးငယ်အား အဓမ္မကျင့်ရန်လုပ်ဆောင်သူကို အိမ်နီးချင်း အမျိုးသမီးနှင့် ကျေးရွာနေသူ လူငယ်နှစ်ဦးက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဥ်တွင် ကျေးရွာထဲနေ လေးနှစ်အရွယ် မိန်းကလေးငယ်ကို တစ်ရွာတည်းနေသူ အသက် ၂၄ နှစ်အရွယ် သားညီ(ခ)ဗီဂျေးက ပွေ့ချီခေါ်ဆောင်သွားသည်ကို ကလေးငယ်၏ အိမ်နီးချင်းဖြစ်သူ ဒေါ်ပြောင်းသွယ်မှ တွေ့ရှိခဲ့သဖြင့် မသင်္ကာ၍ တစ်ရွာထဲနေ လူငယ်များဖြစ်သော မောင်သူရလင်းလင်းချစ်၊ ဟိန်းမင်းထွေးတို့နှင့်အတူလိုက်လံရှာဖွေခဲ့ရာမှ တွေ့ရှိခဲ့ကြောင်း သိရသည်။
တွေ့ရှိစဥ် ကျုးလွန်သူ သားညီ(ခ)ဗီဂျေးမှာ ခန္ဓာကိုယ်တွင် အဝတ်မပါဘဲ မိန်းကလေးငယ်မှာ ဘောင်းဘီကျွတ်လျက် ကလေးကိုလည်း လက်သီးဖြင့် ထိုးထားပြီး ပါးစပ်ကိုလက်နှင့်ပိတ်ကာ အဓမ္မပြုကျင့်ရန် လုပ်ဆောင်နေသည်ကို ကျေးရွာအနီး မြန်မာ့ဆက်သွယ်ရေး အော်တိုအိတ်ချိန်းရုံးဘေးရှိ တောထဲတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
“ဗီဂျေးက ကလေးကို မုဒိမ်းကျင့်ဖို့လုပ်နေတဲ့အချိန်မှာတွေ့တော့ သူက ထွက်ပြေးတာကို မသင်္ကာလို့ လိုက်ကြည့်တဲ့ ကလေးတွေက လိုက်ဖမ်းရင်းနဲ့ ရွှေပျောက်-သီလဝါလမ်းမကြီးဘေးက ထန်းရည်ဆိုင်နားမှာ ဖမ်းမိတာ။ မတွေ့သာ မတွေ့လိုက်ရင် ကလေးကိုပါ လက်စဖျောက်မှာ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
အရွယ်မရောက်သေးသည့် မိန်းကလေးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်ရန်ကြံစည်သူ အသက် ၂၄ နှစ်အရွယ် သားညီ(ခ)ဗီဂျေးကို ရာဇသတ်ကြီးပုဒ်မ – ၃၇၆/၅၁၁ဖြင့် ကျောက်တန်းမြို့မရဲစခန်းတွင် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
“လေးနှစ်ကလေးကို ကလေးလို့တောင် မမြင်နိုင်လောက်အောင် ယုတ်မာချင်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ပေးသင့်ပါတယ်။ ဒီလိုလူတွေရှိနေသရွေ့ အမျိုးသမီးအရွယ်သုံးပါးစလုံး လုံခြုံမှုရှိမှာမဟုတ်ဘူး၊ မုဒိမ်းမှုတွေထပ်မဖြစ်အောင် တာဝန်ရှိသူတွေ နှိမ်နင်းပေးပါ”ဟု ကျောက်တန်းမြို့တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
