

သက်တံ့
၁၁. ၇. ၂၀၂၆
အမြန်လမ်းတွင် မြစန္ဒာခရီးသည်တင်ယာဥ်မောင်းအိပ်ငိုက်ရာက လမ်းအလယ်ရှိ အကာအရံပစ္စည်းများကို ဝင်တိုက်ကာ ယာဥ်တိုက်မှုဖြစ်ပွားသဖြင့် နှစ်ဦးဒဏ်ရာရမှု ယနေ့ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ ယနေ့ ဇူလိုင် ၁၁ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၄၀ ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၆၄/၇ နှင့် ၁၆၅/၀ ကြား နေပြည်တော်မှ ရန်ကုန်သို့အပြန်လမ်းတွင် ယာဉ်မောင်းပါ အမျိုးသား (၄)ဦး၊ အမျိုးသမီး (၃) ဦးစုစုပေါင်း (၇) ဦး လိုက်ပါလာသည့် 6I/2249 Higer အမျိုးအစား မြစန္ဒာ ခရီးသည်တင် (Express )ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ ယာဥ်ကြောအလယ်ရှိ လမ်းအကာအရံပစ္စည်းများအား တိုက်မိ ရပ်တန့်ခဲ့သော ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သည်။
ထိုဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့် အမျိုူသမီး (၁)ဦး စုစုပေါင်း (၂)ဦးမှာ ထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်းနှင့် အမြန်လမ်းတွင် ဖြစ်ပွားသော ယာဉ်မတော်တဆမှုများအားလုံး၏ အများစုသည်ယာဉ်မောင်းအိပ်ငိုက်ခြင်းကြောင့်ဖြစ်၍ ယာဉ်မောင်းများအနေဖြင့် ၂ နာရီဆက်တိုက်မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းများတွင် ခေတ္တနားနေကြပါရန်နှင့် ယာဉ်အမျိုးအစားအလိုက်သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း မပြုကြပါရန်လည်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။
