ပုံစာ။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဦးထွန်းအုံတို့ သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက်ကြည့်ရှုခဲ့စဉ်မြင်ကွင်း။
သတိုး
၁၁. ၇. ၂၀၂၆
သီလဝါအထူးစီးပွားရေးဇုန်အတွင်း လက်ရှိဆောင်ရွက်နေတဲ့ အစီအစဥ်တွေက ကန့်သတ်တားမြစ်နေတာမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံသူနဲ့ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို မျှတစွာ ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်နေတာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ထုတ်ပြန် ပြောကြားပါတယ်။
သီလဝါအထူးစီးပွားရေးဇုန်ဟာ ဂျပန်အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းအကောင်အထည်ဖော်ထားတဲ့ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့လည်း အထူးအလေးထားပြီး ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါတယ်လို့လည်း ဒေါက်တာခိုင်ခိုင်စိုးက ဆိုပါတယ်။
လက်ရှိမှာ သီလဝါအထူးစီးပွားရေးဇုန် အတွင်းရှိ ဂျပန်အပါအဝင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား အဆက်မပြတ်ရရှိစေရေး၊ ကုန်ကြမ်းတင်သွင်းမှုလိုင်စင်တွေကို ဦးစားပေးစိစစ်ခွင့်ပြုပေးရေးနဲ့ One-Stop Service (OSS) ကို အပြည့်အဝ ဆက်လက်လည်ပတ်ပေးနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အထူးစီးပွားရေးဇုန်အတွင်းက ထုတ်လုပ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရဲ့ ပို့ကုန်၊ သွင်းကုန်ကိစ္စရပ်များစွာကိုလည်း လက်ရှိကုန်သွယ်မှုအခြေအနေနဲ့ ရင်းနှီးမြှုပ်နှံသူကုမ္ပဏီတွေ ပုံမှန်လုပ်ငန်းလည်ပတ်နိုင်ရေးကို အခြေခံပြီး ဦးစားပေးကဏ္ဍနဲ့ ပစ္စည်းအမျိုးအစားအလိုက် စိစစ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဒေါက်တာခိုင်ခိုင်စိုးက ပြောသလို “အလားတူ လက်ရှိဆောင်ရွက်နေတဲ့ အစီအစဉ်တွေဟာ ကန့်သတ်ခြင်း၊ တားမြစ်ခြင်းဆိုတဲ့ သဘောမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အကျိုးစီးပွားနဲ့ မြန်မာနိုင်ငံတော်ရဲ့ အကျိုးစီးပွား နှစ်ဖက်စလုံးကို မျှတစွာ ထည့်သွင်းစဉ်းစားပြီး ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။” လို့လည်း ဆိုပါတယ်။
