သက်တံ့
၁၁. ၇. ၂၀၂၆
ဘဟားမားစ်နိုင်ငံ မြောက်အန်ဒရိုစ့် (North Andros) ခရိုင်၊ ဆန်အန်ဒရို့စ်မြို့အနီးတွင် သောကြာနေ့က လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါလာသူ ၁၀ ဦးစလုံး သေဆုံးခဲ့သည်။ ယခုဖြစ်ရပ်ဆိုးသည် ဘဟားမားစ်နိုင်ငံ၏ ၅၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများအပေါ် အရိပ်မည်းမိုးသွားစေခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း ဖလမင်ဂို အဲလ်လိုင်းစ် (Flamingo Air) ၏ လုပ်ငန်းလည်ပတ်မှုများကို ယာယီရပ်ဆိုင်းထားရန် အစိုးရက ညွှန်ကြားခဲ့သည်။
ဘဟားမားစ်လေကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေးအာဏာပိုင်အဖွဲ့ (AAIA) ၏ ပြောကြားချက်အရ အဆိုပါလေယာဉ်သည် ဖလမင်ဂို အဲလ်လိုင်းစ်က ပြေးဆွဲနေသည့် ဘဟားမားစ်တွင် မှတ်ပုံတင်ထားသော Cessna 402 အမျိုးအစား လေယာဉ်ဖြစ်ပြီး နာဆော (Nassau) မြို့ရှိ လန်ဒန်ပင်ဒလင် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆန်အန်ဒရိုစ့် (San Andros) မြို့သို့ ဦးတည်ပျံသန်းစဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်။

ဘဟားမားစ်ဝန်ကြီးချုပ် ဖိလစ် ဘရေ့ဗ် ဒေးဗစ် (Philip Brave Davis) က လေယာဉ်ပျက်ကျမှုအတွင်း လူတစ်ဦး အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သော်လည်း နောက်ပိုင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်မူ အဆိုပါအသက်ရှင်ကျန်ရစ်သူသည် ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့သဖြင့် သေဆုံးသူဦးရေ စုစုပေါင်း ၁၀ ဦးအထိ ရှိလာခဲ့သည်။ သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်သည်ကိုမူ လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
“ကျွန်တော်တို့ဟာ ကြီးမားတဲ့ ဝမ်းနည်းပူဆွေးမှုတွေနဲ့အတူ စုဝေးနေကြရပါတယ်၊ ဒီနေ့ဟာ ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့တစ်နေ့ ဖြစ်လာခဲ့ပါပြီ” ဟု ဝန်ကြီးချုပ် ဒေးဗစ်က သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ “မိမိတို့ ချစ်ခင်ရသူတွေ အိမ်ပြန်မလာတော့ဘူးဆိုတဲ့ ကြေကွဲဖွယ်သတင်းကို လက်ခံရရှိခဲ့တဲ့ မိသားစုတိုင်းအတွက် ကျွန်တော်တို့ အလေးအနက် ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားလိုပါတယ်” ဟု ဖြည့်စွက် ပြောဆိုခဲ့သည်။
အစောပိုင်းအချိန် အသက်ရှင်ကျန်ရစ်သူ သေဆုံးကြောင်း အတည်မပြုနိုင်သေးမီက ဝန်ကြီးချုပ် ဒေးဗစ်က ၎င်းအနေဖြင့် ရဲချုပ်ထံမှ အခြေအနေများကို အကျဉ်းချုပ် အစီရင်ခံစာ လက်ခံရရှိထားပြီး ဖြစ်ပွားခဲ့သည့် အခြေအနေမှန်ကို အတိအကျသိရှိနိုင်ရန် အာဏာပိုင်များက ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
“လက်ရှိအခြေအနေမှာ အချက်အလက်တွေကို စိစစ်နေဆဲဖြစ်ပြီး ဘာတွေအတိအကျ ဖြစ်ပျက်ခဲ့လဲဆိုတာ သိရဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက လုပ်ဆောင်နေပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေစဉ်အတွင်းမှာ ထိခိုက်ခံစားရတဲ့ မိသားစုတွေအနေနဲ့ ကရုဏာတရား၊ သီးသန့်နေထိုင်ပိုင်ခွင့်နဲ့ ပံ့ပိုးကူညီမှုတွေကို ရရှိဖို့ ထိုက်တန်ပါတယ်” ဟု ၎င်းက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယခုကဲ့သို့ လူသေဆုံးမှုရှိခဲ့သည့် လေယာဉ်ပျက်ကျမှုဖြစ်ပွားပြီးနောက် စုံစမ်းစစ်ဆေးရေးမှူးများက မတော်တဆမှုဖြစ်ပွားရသည့် အခြေအနေများကို စစ်ဆေးနေစဉ်အတွင်း ကြိုတင်ကာကွယ်သည့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတစ်ခုအဖြစ် ဖလမင်ဂို အဲလ်လိုင်းစ်၏ လေကြောင်းလိုင်း လုပ်ငန်းလည်ပတ်ခွင့် လက်မှတ် (Air Operator Certificate) ကို ယာယီရပ်ဆိုင်းလိုက်ကြောင်း စွမ်းအင်၊ အသုံးအဆောင်များနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

အဆိုပါ ရပ်ဆိုင်းမှုသည် သောကြာနေ့က ယခုလေကြောင်းလိုင်းနှင့် ပတ်သက်၍ သီးခြားဖြစ်ပွားခဲ့သည့် လေကြောင်းဘေးကင်းလုံခြုံရေး မတော်တဆမှုနှစ်ခုကြောင့် ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
စွမ်းအင်၊ အသုံးအဆောင်များနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနအဆိုအရ မိုင်ယာဂွာနာ (Mayaguana) သို့ ဦးတည်ပျံသန်းနေသည့် ဖလမင်ဂို အဲလ်လိုင်းစ်၏ အခြားလေယာဉ်တစ်စင်းတွင် လေယာဉ်မှူးက စိုးရိမ်ဖွယ်ရာအခြေအနေတစ်ခုကို သတင်းပို့ခဲ့ပြီးနောက် နာဆောသို့ ပြန်လှည့်လာခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ခရီးသည်များ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီးနောက် အဆိုပါလေယာဉ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်ရပ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ဘဲ အဆိုပါဖြစ်စဉ်ကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိသည်။
အာဏာပိုင်များက ယခုဖြစ်ရပ်နှစ်ခုအကြား ဆက်စပ်မှု ရှိ၊ မရှိကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
မတော်တဆမှုနှစ်ခုစလုံး ဖြစ်ပွားရသည့် အကြောင်းရင်းများကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အာဏာပိုင်များက ပြောကြားသည်။ အတည်ပြုချက်ရရှိထားသည့် အချက်အလက်များ ထပ်မံရရှိပါက ပြည်သူလူထုထံသို့ ဆက်လက်အသိပေးသွားမည်ဖြစ်ကြောင်း အစိုးရက ဆိုသည်။
Ref : Xinhua & CNW
