သက်တံ့
၁၀. ၇. ၂၀၂၆
အိန္ဒိယနိုင်ငံ ကီရီလာပြည်နယ် ဝါယနတ် (Wayanad) ဒေသတွင် ဖောက်လုပ်နေသည့် နှစ်မွှာ ဥမင်လိုဏ်ခေါင်းစီမံကိန်း (Twin Tunnel Project) တွင် ဖြစ်ပွားခဲ့သော မြေပြိုမှုအတွင်း ကြာသပတေးနေ့ (ဇူလိုင် ၉ ရက်) က ရုပ်အလောင်း ၄ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် သေဆုံးသူဦးရေ ၇ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။ လတ်တလောတွင် လူတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ၎င်းအား ရှာဖွေရန် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေသည်။
ထပ်မံတွေ့ရှိသည့် ရုပ်အလောင်း ၄ လောင်းအနက် ၂ လောင်းမှာ ဒီလစ်ပ် ဘီးလ်ကွန် (Dileep BuildCon) ကုမ္ပဏီမှ မကြာသေးမီကမှ အိမ်ထောင်ပြုထားသည့် အင်ဂျင်နီယာ မစ္စတာ ရာဟူးလ် ရှာမား (Rahul Sharma) နှင့် မြေတူးစက်မောင်းသူ မိုဟာမက် အီမရန် (Muhammed Imran) တို့ဖြစ်ကြောင်း မည်သူမည်ဝါဖြစ်လဲ အတည်ပြုနိုင်ခဲ့သည်။
ဟီမာချယ်ပရာဒေ့ရှ်ပြည်နယ်၊ မန္ဒီခရိုင်၊ ရီဝါဆာမြို့မှဖြစ်သူ အသက် ၂၀ ကျော်အရွယ် အင်ဂျင်နီယာ ရာဟူးလ်သည် ပြီးခဲ့သည့် မတ်လကမှ အိမ်ထောင်ပြုခဲ့ခြင်းဖြစ်ပြီး ၎င်းကွယ်လွန်ချိန်တွင် ဖခင်နှင့် ဇနီးဖြစ်သူတို့ ကျန်ရစ်ခဲ့သည်။
အချို့သော ရုပ်အလောင်းများသည် မှတ်မိနိုင်ခြင်းမရှိတော့လောက်အောင် ပျက်စီးနေကြောင်း ကီရီလာပြည်နယ် အခွန်ဦးစီးဌာနဝန်ကြီး မစ္စတာ အေပီ အနေးလ်ကူးမား (A.P. Anilkumar) က ဝါယနတ်မြို့တွင် သတင်းထောက်များကို စောစောပိုင်းက ပြောကြားခဲ့သည်။
“ရုပ်အလောင်းတွေကို ဗီသီရီ (Vythiri) မြို့နယ်ဆေးရုံကို ပို့ဆောင်ထားပါတယ်။ သေဆုံးသူတွေက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ဖို့ ဒီလစ်ပ် ဘီးလ်ကွန်ကုမ္ပဏီက ဝန်ထမ်းတွေနဲ့ ပျောက်ဆုံးနေတဲ့ အလုပ်သမားတွေရဲ့ ဆွေးမျိုးတွေကို ဆေးရုံကို ခေါ်ဆောင်လာမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
အသက် ၅၈ နှစ်အရွယ် ဘိုပါးလ်အခြေစိုက် Dileep BuildCon အင်ဂျင်နီယာ၊ ဝယ်ယူရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာတစ်ဦးဖြစ်သူ မစ္စတာ ဗစ်ကရမ် ရာနား (Vikram Rana) မှာမူ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အခွန်ဦးစီးဌာန အရာရှိတစ်ဦးက သည်တယ်လီဂရပ်ဖ် (The Telegraph) သတင်းစာသို့ ပြောကြားခဲ့သည်။
၎င်း၏ ညီအစ်ကိုများဖြစ်ကြသည့် ကုလ်ဝန့် ရာနားနှင့် ပရာမော့ဒ် ရာနားတို့သည် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက ဝါယနတ်သို့ ရောက်ရှိလာခဲ့ကြသည်။
“ဝါယနတ်မဲဆန္ဒနယ် လွှတ်တော်အမတ် မစ္စ ပရီယန်ကာ ဂန္ဒီ ဗာဒရာ (Priyanka Gandhi Vadra) က ပျောက်ဆုံးနေတဲ့ မစ္စတာ ဗစ်ကရမ် ရာနားကို ရှာဖွေတွေ့ရှိဖို့ ဖြစ်နိုင်သမျှ အင်တိုက်အားတိုက် ကြိုးပမ်းသွားမယ်လို့ ညီအစ်ကိုနှစ်ဦးထံ ဖုန်းဆက်ပြီး အာမခံစကား ပြောကြားခဲ့ပါတယ်” ဟု အခွန်ဘုတ်အဖွဲ့ အရာရှိတစ်ဦးက ပြောသည်။
၎င်းသည် ရာဂျက်စသန်ပြည်နယ်၊ ကိုတာမြို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ဤဝါယနတ် ဥမင်လိုဏ်ခေါင်းစီမံကိန်းတွင် ပရောဂျက်မန်နေဂျာအဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။
အမျိုးသား သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့ (NDRF)၊ မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းများနှင့် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့သည် အချိန်နှင့်တစ်ပြေးညီ ၂၄ နာရီနီးပါး ရှာဖွေရေးလုပ်ငန်းများကို လုပ်ဆောင်နေကြသည်။
ကြာသပတေးနေ့က မိုးဆက်လက်ရွာသွန်းပါက နောက်ထပ် မြေပြိုမှုများ ဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိနေသည့်ကြားမှ အဖွဲ့ဝင် ၅၀၀ ကျော်ပါဝင်သော ကယ်ဆယ်ရေးအဖွဲ့သည် ဆိုးရွားလှသော ရာသီဥတုအခြေအနေအောက်တွင် ပင်ပင်ပန်းပန်း ကြိုးပမ်းခဲ့ကြရသည်။
တစ်ဖက်တွင်လည်း အိန္ဒိယကွန်မြူနစ်ပါတီ (CPI) ၏ ကျောင်းသားလက်တံဖြစ်သော အိန္ဒိယကျောင်းသားများအဖွဲ့ချုပ် (AISF) ပသနမ်သစ်တာ (Pathanamthitta) ခရိုင်အဖွဲ့က လွှတ်တော်အမတ် ပရီယန်ကာ ဂန္ဒီ ဗာဒရာထံသို့ ၎င်းအနေဖြင့် မည်သည့်နေရာသို့ ရောက်ရှိနေသနည်းဟု မေးခွန်းထုတ်ထားသည့် အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ရှေ့တန်းမှနေ၍ ဦးဆောင်ညှိနှိုင်းပေးရန် တောင်းဆိုထားသည်။
ပြီးခဲ့သည့် အင်္ဂါနေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသ Wayanad နှင့် ကမ်းရိုးတန်းဒေသ Kozhikode တို့ကို ဆက်သွယ်ပေးမည့် ငါးမိုင်နီးပါးရှိ ကီရီလာပြည်နယ်၏ အရှည်ဆုံး လေးလမ်းသွား ကားလမ်းမကြီး စီမံကိန်းအစိတ်အပိုင်းအဖြစ် ဖောက်လုပ်နေသည့် ဥမင်လိုဏ်ခေါင်း တည်ဆောက်ရေးအတွက် စုပုံထားသည့် ကြီးမားလှသော မြေစာပုံကြီး ပြိုကျလာခဲ့ခြင်းဖြစ်သည်။ စောစောပိုင်း ထုတ်ပြန်ချက်များအရ လူ ၃ ဦး သေဆုံးကာ ၅ ဦး ပျောက်ဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၉ ဦးကိုမူ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Ref : The Telegraph
