ပုံစာ။ အချိုးအစားမှန်ကန်မှုမရှိသော ဗိုလ်ချုပ်အောင်ဆန်းရုပ်တုပုံရိပ်အချို့
သတိုး
၁၀. ၇. ၂၀၂၆
လက်ရှိတွင် အချို့ဒေသများရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုများကို ဖယ်ရှားနေသည်ဟု မီဒီယာအချိုတွင် ဖော်ပြနေသည်ကို တွေ့ရှိရသော်လည်း အမှန်တကယ်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစားနှင့် ပုံသဏ္ဍာန် မမှန်ကန်သည့် ရုပ်တုများကိုသာ ဥပဒေနှင့်အညီ ပြန်လည်စိစစ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ယနေ့ တုံ့ပြန်သည်။
“ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အလွန်အရေးပါတဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်ရဲ့ အထိမ်းအမှတ်ရုပ်တုတွေကို ဂုဏ်သိက္ခာနဲ့ လျော်ညီစွာ ထားရှိနိုင်ရေး၊ နောင်လာနောက်သားတွေကလည်း သမိုင်းတန်ဖိုးနဲ့ အစဉ်အလာကို မှန်မှန်ကန်ကန် လေ့လာထိန်းသိမ်းနိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၆၂ ခုနှစ် သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အထိမ်းအမှတ်မော်ကွန်းဥပဒေအရ စိစစ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု ဒေါက်တာခိုင်ခိုင်စိုးက ဆိုသည်။



ထို့အပြင် ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ယနေ့အထိ မြိုနယ်ပေါင်း ၁၀၀ ကျော်တွင်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများကို စိစစ်ခဲ့ရာ အချို့ ရုပ်တုများ၏ အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများမှာ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် မလျော်ညီသည့် အနေအထားများကို တွေ့ရှိခဲ့ရသည်။
ထို့ကြောင့် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် မလျော်ညီသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများကို စနစ်တကျ ထိန်းသိမ်းခဲ့ကြောင်းလည်း ဒေါက်တာခိုင်ခိုင်စိုးက “ဒါကြောင့်မို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင်ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ဖို့၊ အထိမ်းအမှတ်ရုပ်တုတွေကို အရိုအသေမဲ့သလို မဖြစ်စေဖို့နဲ့ နောင်လာနောက်သားတွေအနေနဲ့ မြန်မာ့သမိုင်းအမွေအနှစ်တွေကို မှန်ကန်သင့်လျော်တဲ့ ပုံစံနဲ့ ဆက်လက်လေ့လာနိုင်ဖို့ ရည်ရွယ်ချက်နဲ့ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။”ဟု တုံ့ပြန်ထားသည်။
