၁၀.၇.၂၀၂၆
Written by Linn Eain
မြန်မာ့ပင်လယ်ပြင်တွင် ရေဝင်နစ်မြုပ်နေသည့် ကုန်တင်သင်္ဘောပေါ် လိုက်ပါလာသူ ၁၂ ဦးကို တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ကူညီကယ်ဆယ်နိုင်ခဲ့ကြောင်း CINCDS ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
MV ATK Nyein အမည်ရှိ ကုန်တင်သင်္ဘောတစ်စင်း ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေကြောင်း MV Oceanstar ကုန်တင်သင်္ဘောတစ်စင်း သတင်းပေးပို့ချက်အရ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်ရေမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၈ ရက်၊ ည ၆ နာရီခွဲတွင် သွားရောက်ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ဟိန်းဇဲဘုတ်ကျွန်းအနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် ကုလားကုတ်ကျွန်း၏ အနောက်ဘက် ရေမိုင် ၂၇ ဒသမ ၅ မိုင်အကွာ၌တွင် MV ATK Nyein အမည်ရှိ ကုန်တင်ရေယာဉ်တစ်စင်း ရေဝင်နစ်မြုပ်နေကြောင်း MV Oceanstar ကုန်တင်ရေယာဉ်၏ သတင်းပေးပို့ချက်အရ သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။
ထို့နောက် ရေဝင်နစ်မြုပ်နေသည့် ကုန်တင်ရေယာဉ်အား ဇူလိုင် ၈ ရက်၊ ည ၆ နာရီခွဲတွင် တွေ့ရှိခဲ့ပြီး ကုန်တင်ရေယာဉ်ပေါ်တွင် လိုက်ပါလာသော အမှုထမ်း ၁၂ ဦးအား စစ်ရေယာဉ်ပေါ်သို့တင်ဆောင်ကာ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ကူညီကယ်ဆယ်လာသူများကို ဇူလိုင် ၉ ရက်၊ နံနက် ၁၀ နာရီတွင် မော်လမြိုင်မြို့၊ ရာဇာမင်းတံတား၌ သက်ဆိုင်ရာတာဝန်ရှိသူများထံ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

