


သတိုး
၅. ၇. ၂၀၂၆
လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Bounleuam Manivong က လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး မြန်မာ-လာအို နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက သတင်းထုတ်ပြန်ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Bounleuam Manivong တို့က ဆွေးနွေးပွဲတွင် လွန်ပရာဘန်မြို့သည် သာယာလှပ၍ အေးချမ်းစိမ်းလန်းသောမြို့ဖြစ်ကြောင်း၊ ယခုကဲ့သို့ လာရောက်နိုင်ခြင်းအတွက် ဝမ်းမြောက်ကျေနပ်မိကြောင်း၊ ပုဂံ-လွန်ပရာဘန် Sister City ဆက်ဆံရေးကို ဆက်လက်မြှင့်တင်သွားလိုကြောင်း၊ ကျိုင်းတုံ-လွန်ပရာဘန်အကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ကြိုးပမ်းသင့်ကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများတွင် တူညီမှုများရှိသဖြင့် ပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်မည်ဟု ယုံကြည်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးက နိုင်ငံတော်သမ္မတနှင့် ဇနီး၊ မြန်မာကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲစွာ ကြိုဆိုဂါရဝပြုကြောင်း၊ ယခုခရီးစဉ်သည် မြန်မာ-လာအို နှစ်နိုင်ငံ၏ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေမည်ဟု ယုံကြည်ကြောင်းနှင့် လွန်ပရာဘန်ပြည်နယ်၏ သမိုင်း၊ ပထဝီဝင်နှင့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို မိတ်ဆက်ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်သမ္မတဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ လွန်ပရာဘန်မြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို လာရောက်လေ့လာခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ လွန်ပရာဘန်ပြည်နယ်သည် ဧရိယာ စတုရန်းကီလိုမီတာ ၁၆,၀၀၀ ကျော်ရှိပြီး ဧရိယာ၏ ၈၅ ရာခိုင်နှုန်းမှာ တောင်တန်းဒေသများဖြစ်ကြောင်း၊ ၁၉၉၅ ခုနှစ်တွင် UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြို့အဖြစ် အသိအမှတ်ပြုခံထားရပြီး ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းထားကြောင်း၊ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်ခဲ့ပြီး ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုလျက်ရှိကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ လွန်ပရာဘန်ခရီးစဉ် အောင်မြင်ချောမွေ့ပြီး ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်စေရန် ဆုမွန်ကောင်းတောင်းပါကြောင်း တင်ပြပြောကြားခဲ့သည်။
ထိုသို့ တင်ပြမှုအပေါ် နိုင်ငံတော်သမ္မတက ရှင်းလင်းတင်ပြမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ မန္တလေး၊ ပုဂံ၊ ရန်ကုန်နှင့် လွန်ပရာဘန်မြို့တို့အကြား ခရီးသွားလုပ်ငန်း ချိတ်ဆက်ဖွံ့ဖြိုးလာပါက နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ယခုလာအိုနိုင်ငံခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ မြန်မာ-လာအို နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဆင့်သို့ မြှင့်တင်နိုင်ရေးဖြစ်ကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။
