◾ မြန်မာ-လာအို နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းစီမံကိန်းနှင့် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားဝယ်ယူရေးကို အရှိန်မြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြ
သတိုး
၃. ၇. ၂၀၂၆
လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံဝန်ကြီးချုပ် ဆွန်ဆိုင် ဆီဖန်ဒွန်နှင့် တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ လျှပ်စစ်စွမ်းအင်၊ အလုပ်သမားရေးရာ၊ လုံခြုံရေးနှင့် နယ်စပ်တည်ငြိမ်ရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်အကောင်အထည်ဖော်သွားရန် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက သတင်းထုတ်ပြန်သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးမှုများအရ မြန်မာ-လာအို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာစေရန်၊ သံတမန်ဆက်ဆံရေး (၇၀) ကျော်ကာလအတွင်း ရရှိခဲ့သည့် ချစ်ကြည်ရေးကို ဆက်လက်လက်ဆင့်ကမ်း အားကောင်းစေရန်နှင့် (၇၅) နှစ်ပြည့် အထိမ်းအမှတ်အတွက် ကြိုတင်ပြင်ဆင်သွားရန်၊ နယ်စပ်ကုန်သွယ်ရေး၊ Border Trade၊ နယ်စပ်ဂိတ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဖြတ်ကျော်သဘောတူညီချက်များကို အမြန်အကောင်အထည်ဖော်ရန်၊ မြန်မာ-လာအို နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းစီမံကိန်းနှင့် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားဝယ်ယူရေးကို အရှိန်မြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။


ထို့အပြင် တရားဝင် အလုပ်သမားစေလွှတ်ရေး၊ အလုပ်သမားအခွင့်အရေးကာကွယ်ရေးနှင့် သက်ဆိုင်ရာ MoU များ အဆင့်မြှင့်တင်ရေးကို ပူးပေါင်းဆောင်ရွက်သွားရန်၊ Online လိမ်လည်မှု၊ အွန်လိုင်းလောင်းကစား၊ ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါးပြဿနာများကို သတင်းအချက်အလက် ဖလှယ်၍ ပူးပေါင်းနှိမ်နင်းသွားရန်၊ Joint Border Committee (JBC/JBSC) နှင့် Regional Border Committee (RBC) အစည်းအဝေးများကို ပုံမှန်ကျင်းပ၍ နယ်စပ်လုံခြုံရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်သွားရန်နှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ MSME၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘာသာစကားသင်တန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားရန်နှင့် နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့၊ တောင်ယာမီးရှို့မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဒေသတွင်း ပူးပေါင်းကိုင်တွယ်ဖြေရှင်းသွားရန် သဘောတူညီခဲ့ကြသည်။
ထို့အပြင် လာအိုနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင်မည်ဟု ယုံကြည်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံမိသားစုအတွင်း ပုံမှန်ပြန်လည်ပါဝင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရသလို နိုင်ငံတော်သမ္မတက လာအိုနိုင်ငံ၏ အစဉ်တစိုက် ရပ်တည်ပံ့ပိုးပေးမှုနှင့် မန္တလေးငလျင်ဘေးအတွက် ကူညီထောက်ပံ့ပေးမှုများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး လာအိုဝန်ကြီးချုပ်အား မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဖိတ်ကြားခဲ့သည်ဟု သိရသည်။
