၃.၇.၂၀၂၆
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်လောကသားအလွှာ ၁၀ လွှာကို ၁၈ ကြိမ်မြောက် ဆန်၊ ဆီနဲ့ စားသောက်ကုန်တွေ ထုတ်ဝေလှူဒါန်းမှု နောက်ဆုံးနေ့အဖြစ် ယနေ့ ဇူလိုင် ၃ ရက်နေ့မှာ ဇာတ်ပို့/ဇာတ်ရံအလွှာကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ပေးဝေနေလျက်ရှိပါတယ်။
“ကျွန်တော်တို့ ရုပ်ရှင်လောကသားအလွှာက ၁၀ လွှာရှိတာပါ။ ဒီနေ့က ဆန်၊ ဆီစားသောက်ကုန် ထုတ်ဝေပေးလှူဒါန်းတာပါ။ ရုပ်ရှင်အစည်းအရုံးဝင်ကတ်တွေ သက်တမ်းတိုးထားတဲ့သူတွေကို စားသောက်တွေ မျှဝေလှူဒါန်းတာဆိုရင် ၁၈ ကြိမ်မြောက်ရှိပါပြီ။ တချို့သက်တမ်းမတိုးကြတဲ့သူတွေလည်း ရှိကြပါတယ်။ တချို့ကလည်း ရုပ်ရှင်အစည်းအရုံးဝင်ကတ်ကို သက်တမ်းမတိုးကြတာလည်း ရှိနေကြတယ်လေ။ နောက်ဆုံးနေ့မှာ ရုပ်ရှင်လောကသားတွေထဲက ဇာတ်ပို့၊ ဇာတ်ရံတွေကို လှူဒါန်းတာပါ။ တစ်ကြိမ်ကို လူအယောက် ၁၅၀၀ ကျော်လောက် လာထုတ်ကြပါတယ်။ ဈေးတွေကမြင့်လာတော့ အဆင်ပြေအောင်တော့ ရုပ်ရှင်အစည်းအရုံးနဲ့ အနုပညာရှင်တွေ စေတနာရှင်တွေကြောင့်လည်း လှူဒါန်းနိုင်တာပါ။ မြင့်မြတ်တို့ ရှယ်ယာပူးပေါင်းထားတဲ့ Hein Production က သိန်း ၁၀၀။ ကျန်တဲ့သူတွေလည်း ပါဝင်လှူဒါန်းကြပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေးက MT Entertainment ကိုပြောပါတယ်။
အဆိုပါ လှူဒါန်းမှုမှာတော့ ရုပ်ရှင်အစည်းအရုံးအသင်းဝင် လောကသားတွေ လူအယောက် ၁၅၀၀ ကျော်ကို ဆန်၊ ဆီ၊ ကုလားပဲ၊ ငါးသေတ္တာတွေကိုထောက်ပံ့ပေးဝေခဲ့ပြီး တခြားအဖွဲ့တွေကလည်း အထည်တွေကို လာရောက်လှူကြတာလည်း ရှိကြတယ်လို့ သိရပါတယ်။
၁၈ ကြိမ်မြောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဆန်၊ ဆီ စားသောက်ကုန်လှူဒါန်းမှုကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းမှာ အုပ်ချုပ်/ဖြန့်ချိ အလွှာ၊ ဗီဒီယိုအလွှာနဲ့ ဇာတ်ညွှန်းအလွှာ၊ ပြဇာတ်နှင့်ရုပ်ရှင် နောက်ခံ တေးဂီတအလွှာ၊ နေ့လယ်ပိုင်းမှာ အဓိကသရုပ်ဆောင်အလွှာ၊ ဒါရိုက်တာအလွှာ၊ ထုတ်လုပ်သူအလွှာနဲ့ တည်းဖြတ်အလွှာတို့ကို ပေးအပ်လှူဒါန်းခဲ့သလို ဇူလိုင် ၂ ရက်နေ့ နံနက်ပိုင်းမှာ စက်မှုအလွှာ(၇၀၀၂- ၇၅၀၀)နဲ့ နေ့လယ်ပိုင်းမှာ စက်မှုအလွှာ(၇၅၀၁- ၁၇၀၅၆) ၊ ယနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်းမှာ ဇာတ်ပို/ ဇာတ်ရံအလွှာ (၄၀၀၂-၄၅၀၀) နဲ့ နေ့လယ်ပိုင်းမှာ ဇာတ်ပို/ဇာတ်ရံ အလွှာ( ၄၅၀၁- ၁၄၀၃၉) အထိ ထုတ်ဝေလှူဒါန်းပေးခဲ့တာပါ။
#ဦးအေးကြူလေး #UAyeKyuLay #၁၈ကြိမ်မြောက် #ရပ်ရှင်လောကသားတွေ #MMPA #၁၈ကြိမ်မြောက်ဆန်ဆီစားသောက်ကုန်လှူဒါန်း #အခြေခံစားသောက်ကုန် #မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး














