၂.၇.၂၀၂၆
Translated by Htwe Ko Tun
မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမြို့တော်မှာ ဇွန်လ ၃၀ ရက်က ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲ ရှုံးထွက်ပွဲစဉ်မှာ အိမ်ရှင် မက္ကဆီကိုအသင်းက အီကွေဒေါအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရပြီးတဲ့နောက်မှာတော့ မက္ကဆီကိုစီးတီးမြို့ရဲ့ လမ်းမတွေပေါ်ကို လူတစ်သန်းကျော် လှည့်လည်ချီတက်အောင်ပွဲခံခဲ့ကြတာမှာ လူလေးဦး သေဆုံးခဲ့ရတယ်လို့ မြို့တော်အာဏာပိုင်တွေက ဇူလိုင်လ ၁ ရက်မှာ ပြောခဲ့ပါတယ်။
မက္ကဆီကိုစီးတီးမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲ အောင်ပွဲခံပွဲအတွင်း သုံးဦးကတော့ အသက်ရှုကြပ်ပြီး သေဆုံးခဲ့ရတာဖြစ်ပြီး သူတို့ထဲမှာ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ပါဝင်ပါတယ်။ ဒါ့ပြင် မြို့ထဲကို အောင်ပွဲခံလူအုပ်ကြီး ဝင်လာပြီးနောက် အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးလည်းအသက်ရှုကြပ်ကာ သေဆုံးခဲ့တယ်လို့ မြို့တော်ရဲ့ ကျန်းမာရေးအာဏာပိုင်တွေက ဇူလိုင်လ ၁ ရက်မှာ ပြောခဲ့တာပါ။

Paseo de la Reforma အနီးတစ်ဝိုက်က နေရာအမျိုးမျိုးမှာ အသက်ရှူကြပ်ပြီးသတိလစ်နေတဲ့ လူသုံးဦးကို အရေးပေါ်ဝန်ဆောင်မှုတွေက ကုသပေးခဲ့ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတာဖြစ်တယ်လို့ ကျန်းမာရေး အာဏာပိုင်တွေကပြောပါတယ်။ ဒါပေမယ့် သူတို့သုံးဦးဟာ အသက်ရှူကြပ်တာကြောင့် သေဆုံးခဲ့ကြပြီး သူတို့ရဲ့ မိသားစုတွေကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မြို့အာဏာပိုင်တွေက နောက်ပိုင်းမှာ အသက် ၃၀ နှစ် အရွယ် အမျိုးသားတစ်ဦးဟာလည်း အတက်ရောဂါကြောင့် သေဆုံးခဲ့တယ်လို့ သတင်းပို့ခဲ့ပါတယ်။
မက္ကဆီကိုအသင်းဟာ ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပွဲ ရှုံးထွက်ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာဖြစ်လို့ လူတစ်သန်းကျော်ဟာ မြို့လယ်က လွတ်လပ်ရေးအထိမ်းအမှတ် ရုပ်တုအနီးတဝိုက်မှာ စုရုံးအောင်ပွဲခံကြဖို့ လမ်းပေါ်ထွက်ချီတက်ခဲ့ကြတယ်လို့ မြို့တော်အာဏာပိုင်တွေက ပြောခဲ့ ပါတယ်။
မြို့တော်ဝန် ကလာရာ ဘရူဂါဒါက သေဆုံးသူတွေရဲ့ မိသားစုတွေကို စိတ်ရင်းမှန်နဲ့ အလွန်ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး လာမယ့်ရက်တွေမှာ ထောက်ပံ့မှုတွေ ပေးအပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ဇွန်လ ၃၀ ရက် အီကွေဒေါကို အနိုင်ရမှုကြောင့် မက္ကဆီကိုအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ကိုရောက်ရှိခဲ့ပြီး ဇူလိုင်လ ၁ ရက်မှာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအသင်းကို ၂-၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ ရင်ဆိုင်ကစားရမှာပါ။
မက္ကဆီကိုစီးတီးမြို့တော်ရဲ့ မြို့ပြဧရိယာမှာ လူသန်း ၂၀ ကျော် နေထိုင်ကြပြီး ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံးနေရာတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။
Ref- BBC
