သက်တံ့
၂. ၇. ၂၀၂၆
ကျားဖြန့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိရသူ ထိုင်းနိုင်ငံသား ၂၄ ဦးကို လာအိုနိုင်ငံ၌ ဖမ်းဆီးစဉ်အတွင်း အချို့မှာ ထိုင်းရဲတပ်ဖွဲ့ ယူနီဖောင်းအတုများ ဝတ်ဆင်ထားသည်ကို အာဏာပိုင်များက တွေ့ရှိခဲ့ပြီးနောက် ဇွန်လ ၃၀ ရက်နေ့တွင် လာအိုနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
လာအိုအာဏာပိုင်များက ထုတ်ပြန်သည့် ဓာတ်ပုံများတွင် သံသယရှိသူများသည် စာရွက်ပေါ်တွင် ရိုက်နှိပ်ပြီး အင်္ကျီပေါ်၌ တိပ်ဖြင့်ကပ်ထားသည့် ရဲတံဆိပ်များပါသော ထိုင်းရဲယူနီဖောင်းအတုများကို ဝတ်ဆင်ထားကြသည်ကို တွေ့ရသည်။ အဆိုပါ ယူနီဖောင်းများရှိ အမည်ကတ်ပြားများအားလုံးတွင် နာမည်တစ်ခုတည်းကိုသာ ဖော်ပြထားသည်။ အသက် ၁၉ နှစ်မှ ၄၁ နှစ်အတွင်းရှိ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၉ ဦး ပါဝင်သည့် အဆိုပါအဖွဲ့ကို လာအိုနိုင်ငံ ဘိုခေအို (Bokeo) ပြည်နယ် အာဏာပိုင်များက ချင်းရိုင်ခရိုင်၊ ချင်းခေါင်မြို့နယ်ရှိ စတုတ္ထမြောက် ထိုင်း-လာအို ချစ်ကြည်ရေးတံတားတွင် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
ပြန်လည်ရောက်ရှိလာသူများထဲမှ နှစ်ဦးမှာ လိမ်လည်မှုနှင့် ကွန်ပျူတာပြစ်မှုဆိုင်ရာဥပဒေအရ ဖမ်းဝရမ်းထုတ်ခံထားရသူများဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။ ထို့အပြင် လာအိုအာဏာပိုင်များသည် သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများဖြစ်သော လက်ကိုင်ဖုန်း ၁၁ လုံး၊ လက်ပ်တော့ကွန်ပျူတာ ၄ လုံးနှင့် နိုင်ငံကူးလက်မှတ် ၂၀ စောင်တို့ကိုလည်း လွှဲပြောင်းပေးခဲ့သည်။
ပြန်လည်ရောက်ရှိလာသူများသည် လူကုန်ကူးမှု၏ သားကောင်များဖြစ်နေသလား သို့မဟုတ် ရာဇဝတ်မှုများတွင် တမင်တကာ သိလျက်နှင့် ပါဝင်ပတ်သက်ခဲ့ကြသလားဆိုသည်ကို ခွဲခြားသတ်မှတ်နိုင်ရန် ထိုင်းနိုင်ငံ၏ အမျိုးသားအဆင့် လွှဲပြောင်းညွှန်းပို့မှု လုပ်ထုံးလုပ်နည်း (National Referral Mechanism – NRM) အရ စစ်ဆေးမှုများ ခံယူရမည်ဖြစ်သည်။ ဆိုက်ဘာရဲတပ်ဖွဲ့အနေဖြင့် နည်းပညာဆိုင်ရာရာဇဝတ်မှုများနှင့် Call-centre လိမ်လည်မှု ကွန်ရက်များနှင့် ဆက်စပ်မှုများကို စုံစမ်းစစ်ဆေးနေပြီး ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိရသူများကို ဥပဒေအရ အရေးယူသွားမည်ဖြစ်သည်။ လူကုန်ကူးခံရသည့် သားကောင်များအဖြစ် သတ်မှတ်ခံရသူများကိုမူ NRM လုပ်ငန်းစဉ်အရ အကာအကွယ်နှင့် အကူအညီများ ပေးအပ်သွားမည်ဖြစ်သည်။
Ref: Thai Enquirer




