သက်တံ့
၂ . ၇ . ၂၀၂၆
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း မုခ်ဒါဟန်ခရိုင်တွင် ၁၁ နှစ်အရွယ် ယောက်ျားလေးတစ်ဦးက မိဘများထံမှ ခွင့်ပြုချက်မရှိဘဲ ခိုးမောင်းလာသည့် ပစ်ကပ်ကားတစ်စီးသည် ဒေသစာရီ လှည့်လည်ကြွချီနေသည့် ဗုဒ္ဓဘာသာ သံဃာတော်များအုပ်စုအတွင်းသို့ ဝင်ရောက်တိုက်မိခဲ့ရာ အနည်းဆုံး သံဃာတော် ၈ ပါး ပျံလွန်တော်မူပြီး အပါး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသတွင်းသတင်းဌာနများက ဖော်ပြသည်။
အဆိုပါ မတော်တဆမှုသည် ယနေ့ ဇူလိုင်လ ၂ ရက် (ကြာသပတေးနေ့) မွန်းတည့် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် မုတ်ဒါဟန်မြို့၊ နာစီနွန်တိုက်နယ်၊ ဘန်နာစီနွန်ကျေးရွာရှိ ဟွေဆင်းအဝင်ဝအနီး ပင်မလမ်းမကြီး၏ အဝင်လမ်းကြောပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


အဆိုပါ သံဃာတော် ၃၄ ပါးအုပ်စုသည် မုတ်ဒါဟန်မှ ဥဘုန်ရတ်ချထာနီသို့ ခြေကျင်ခရီးဖြင့် ဒေသစာရီ လှည့်လည်ကြွချီနေကြစဉ် ယခုကဲ့သို့ ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးသမားများ၊ ရဲတပ်ဖွဲ့နှင့် အရေးပေါ် ဆေးဘက်ဆိုင်ရာတုံ့ပြန်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန် သွားရောက်ခဲ့ကြရာ လမ်းမနှင့် လမ်းဘေးတို့တွင် သံဃာတော်များ လဲကျနေသည်ကို တွေ့ရှိခဲ့ရပြီး သံဃာတော် ၅ ပါးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပျံလွန်တော်မူခဲ့သည်။ အခြား ၃ ပါးမှာမူ ဆေးရုံသို့ ပို့ဆောင်ပြီးနောက် ထပ်မံပျံလွန်တော်မူခဲ့သဖြင့် စုစုပေါင်း ပျံလွန်တော်မူသည့် သံဃာတော် ၈ ပါးအထိ ရှိလာခဲ့သည်။
ထို့ပြင် အခြားသံဃာတော် ၇ ပါးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် မုတ်ဒါဟန်ဆေးရုံနှင့် အနီးနားရှိ ဆေးရုံများသို့ အရေးပေါ်ကုသရန် ပို့ဆောင်ထားရပြီး ကျန်သံဃာတော် ၂၀ ခန့်မှာလည်း ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြသည်။

မတော်တဆမှုတွင် ဝင်တိုက်သည့်ယာဉ်မှာ ကြေးညိုရွှေရောင် (Bronze-gold) Isuzu အမျိုးအစား ပစ်ကပ်ကားဖြစ်သည်။ ရဲတပ်ဖွဲ့၏ ကနဦးစုံစမ်းစစ်ဆေးမှုများအရ အဆိုပါယာဉ်ကို ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးက မောင်းနှင်လာခြင်းဖြစ်ပြီး ၎င်းသည် မိဘ သို့မဟုတ် အုပ်ထိန်းသူထံမှ ခွင့်ပြုချက်မရဘဲ ယာဉ်ကို ယူဆောင်မောင်းနှင်လာခဲ့ပြီးနောက် လမ်းတွင် ယာဉ်ကို မထိန်းချုပ်နိုင်တော့ဘဲ သံဃာတော်များ စီတန်းကြွချီနေသည့်အုပ်စုကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က အဆိုပါကလေးငယ်ကို မုတ်ဒါဟန်မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားပြီး အခင်းဖြစ်ပွားရာနေရာကို ထိန်းချုပ်ကာ သက်သေအထောက်အထားများ စုဆောင်းခြင်း၊ မျက်မြင်သက်သေများကို မေးမြန်းခြင်းဖြင့် မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်။
Ref : Thaiger & Khaosod
