၂.၇.၂၀၂၆
Translated by Htwe Ko Tun
ဘယ်လ်ဂျီယံနိုင်ငံ၏ ဆိပ်ကမ်းမြို့ကြီးတစ်မြို့ဖြစ်သော အန့်တွပ်မြို့တွင် အထပ်ဆယ်ထပ်ရှိ တိုက်ခန်းတာဝါ တစ်ခု၌ ဇူလိုင်လ ၁ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာအနည်းဆုံး လူ ၅ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဒဏ်ရာရရှိသူအရေအတွက်ကို အတိအကျ ပြောကြားရန်နှင့် မီးလောင်မှု၏အကြောင်းရင်းကို ဆုံးဖြတ်ရန်မှာမူ အချိန်စောလွန်းသေးကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဒေသခံမီဒီယာများက အစောပိုင်းတွင် ရဲတပ်ဖွဲ့ပြောကြားချက်ကို ကိုးကား၍ သေဆုံးသူခြောက်ဦးဟု ဖော်ပြခဲ့ကြသော်လည်း နောက်ပိုင်းတွင် ထိုကိန်းဂဏန်းကို လျှော့ချခဲ့သည်။

Reuters သတင်းဌာနက ကယ်ဆယ်ရေးသမားများသည် လူများကို အဆောက်အအုံဘေးမှ ကြိုးဖြင့် ချည်သိုင်း၍ ချသည်ကို မြင်တွေ့ခဲ့ရကြောင်း ဖော်ပြခဲ့သည်။ နံနက်ပိုင်းတွင် မီးလောင်မှုစတင်ပြီး မကြာမီ ရဲများနှင့် မီးသတ်သမားများ ရောက်ရှိလာသည်အထိ အသက်ရှင်ကျန်ရစ်သူများသည် အဆောက်အအုံအထဲတွင် ပိတ်မိနေကြောင်း သိရသည်။
ပဉ္စမထပ်တွင် နေထိုင်သော အသက် ၈၀ နှစ် အရွယ် ဂျက်ကလီယန် ဟီရင်က မီးလောင်မှုမှလွတ် မြောက်သည်မှာ သူမကိုယ်သူမ ကံကောင်းလှသည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။
ဟီရင်က “ကျွန်မ အောက်ကိုဆင်းဖို့ ကြိုးစားခဲ့တယ်၊ တံခါးဖွင့်လိုက်တော့ မီးရဲ့အနံ့ရခဲ့တယ်။ ကျွန်မ မီးတောက်ငယ်လေးတွေ ထွက်လာတာကိုလည်း မြင်လိုက်တယ်၊ ဒီတော့ ကျွန်မ တခြားဘာကိုမှ မစဉ်းစားတော့ဘူး၊ အပြင်ရောက်အောင် ကျွန်မ ထွက်ခဲ့တယ်၊ ကံကောင်းခဲ့တယ်” ဟုပြောခဲ့သည်။
သူမက မွေးထားသောခွေးကိုလည်း အဆောက်အအုံထဲမှ ထုတ်ယူနိုင်ခဲ့သော်လည်း သူမ၏အိမ်နီးချင်း နှစ်ဦးသည် ဖုန်းခေါ်ဆိုမှုများကို မဖြေကြားနိုင်ခဲ့ကြဟု ပြောခဲ့သည်။
ဆယ်ထပ်တွင်နေထိုင်သည့် ဂီရတ် ဒီဝပ်ဖ်က ဘယ်လ်ဂျီယံရုပ်သံထုတ်လွှင့်ဌာန VRTNWS ကို “ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ်ဆင်းဖို့ ကြိုးစားခဲ့ပေမယ့် မတတ်နိုင်တော့ဘူး။ ဒီတော့ ကျွန်တော်တို့ တိုက်ခန်းထဲမှာပဲ ပိတ်မိပြီး လသာဆောင်မှာ ကယ်ဆယ်ရေးရောက်အလာကို စောင့်နေကြတယ်။ ဆယ်မိနစ်လောက်အကြာမှာ မီးသတ်ဌာနက သူတို့ရဲ့မီးသတ်လှေကားနဲ့ လသာဆောင်မှာရှိနေတဲ့ ကျွန်တော်တို့ကို ကယ်ဆယ်ဖို့ ရောက်လာတယ်” ဟု ပြောကြားခဲ့သည်။
ထိုမီးလောင်ကျွမ်းသည့် အဆောက်အအုံတွင် လူ ၂၀၀ ခန့် နေထိုင်ကြောင်းသိရသည်။
ဘယ်လ်ဂျီယံသည် ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း ဘရပ်ဆဲလ်ရှိ ဂိုဒေါင်တစ်ခု မီးလောင်မှု အပါအဝင် ပြင်းထန်သောမီးလောင်ကျွမ်းမှုများစွာကို ကြုံတွေ့ခဲ့ရသည်။
Ref-Reuters
