
၁.၇.၂၀၂၆
Written by KL
ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ၃၈ လမ်းနှင့် ဗန္ဓုလလမ်းထောင့်ရှိ အမှိုက်ပုံးထဲတွင် ယမန်နေ့ ဇွန်လ ၃၀ ရက် နံနက်ပိုင်းက မွေးကင်းစကလေးငယ်တစ်ဦး၏ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြောင်း ရုပ်အလောင်းသွားရောက်သယ်ဆောင်ခဲ့သည့် လင်းလက် လူမှုကူညီရေးအသင်းထံမှ သိရသည်။
အမှိုက်ပုံးထဲမှ မွေးကင်းစသန္ဓေသား ကလေးငယ်၏ရုပ်အလောင်းကို အမှိုက်စွန့်ပစ်သူတစ်ဦးက စတင်တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများထံအကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သေဆုံးနေတဲ့ မွေးကင်းစကလေးကို အမှိုက်ပုံးထဲ လာပစ်တာ တော်တော်ကို ရက်စက်တဲ့အပြုအမူပဲ။ လူဖြစ်လာတဲ့ကလေးကို ရှင်သန်ခွင့်ပေးသင့်တယ်။ ကိုယ်က မယူနိုင်သေးရင်လည်း ကလေးမရနိုင်အောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ နည်းမှန်လမ်းမှန်တွေရှိပြီးသားပါ။တာဝန်မဲ့တဲ့ လုပ်ရပ်တော့ မလုပ်သင့်ဘူး” ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
အမှိုက်ပုံးထဲ လာရောက်စွန့်ပစ်ခံထားရသော မွေးကင်းစကလေး၏ရုပ်အလောင်းကို ကျောက်တံတားမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် လင်းလက်လူမှုကူညီရေးအသင်းမှ အသင်းဝင်သုံးဦးက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင် ကူညီခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်ကလည်း ရန်ကုန်မြို့လယ်၊ လသာမြို့နယ်၊ ၁၈ လမ်းထိပ်ရှိ အမှိုက်ပုံးတွင် မွေးကင်းစ မိန်းကလေးငယ်တစ်ဦး၏ ရုပ်အလောင်း လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့သည်။
