



၁.၇.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ရှိ မြတောင်တံတားပေါ်မှခုန်ချကာ ရေကစားရာမှ ပျောက်ဆုံးနေသော လူငယ်တစ်ဦးကို ဇူလိုင်လ ၁ ရက် နံနက် ၈ နာရီခန့်က ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့ကြောင်း ရုပ်အလောင်းကို ဆယ်ယူပေးခဲ့သည့် ကုသိုလ်ဖြစ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
နမ္မတီးမြို့၊ သစ္စာရပ်ကွက်တွင် နေထိုင်သော အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးက ဇွန်လ ၂၈ ရက် ညနေပိုင်းအချိန် မြတောင်တံတားပေါ်မှခုန်ချ၍ ရေကစားရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီးရေနစ်ပျောက်ဆုံးသူကို ဒေသခံများက ဝိုင်းဝန်းရှာဖွေခဲ့သော်လည်း ပြန်မတွေ့ရှိခဲ့ကြောင်း ကုသိုလ်ဖြစ်လူမှုကူညီရေးအသင်းမှ အသင်းဝင် တစ်ဦးကပြောသည်။
ရေနစ်ပျောက်ဆုံးနေသော လူငယ်ကို လေးရက်အကြာ ဇူလိုင်လ ၁ ရက် နံနက် ၈ နာရီခန့်တွင် ဆိပ်သာကျေးရွာအနီးမှ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
“ဒီရက်က ရေများနေတာ။ မြတောင်တံတားအောက်က ရေစီးသန်တယ်။ ကောင်လေးအလောင်းကိုလည်း တော်တော်ဝေးဝေးက ပြန်တွေ့တာ”ဟု ဒေသခံတစ်ဦးကပြောသည်။
ရေနစ်သေဆုံးသော လူငယ်၏ရုပ်အလောင်းကို ကုသိုလ်ဖြစ်လူမှုကူညီရေးအသင်းမှ အသင်းဝင်များက နမ္မတီးမြို့တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
