နေမိုး
၂၆.၆.၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် ကုန်စုံဆိုင်ပိုင်ရှင်လင်မယားနှစ်ဦးကို သတ်ဖြတ်သည့် ဝန်ထမ်းဟောင်းပါဝင်သည့် တရားခံ နှစ်ဦးအား အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဥ်နှင့် ပတ်သက်သည့် ကနဦးသတင်းများအရ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်၊ အုတ်လှငယ်လမ်းရှိနေအိမ်တွင်နေထိုင်သည့်ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် ဇနီးမောင်နှံနှစ်ဦးဖြစ်သော ဦးအောင်ကျော်ကျော်နှင့် ဒေါ်နွယ်နွယ်ထွန်းတို့နှစ်ဦးသည် နေအိမ်ဒုတိယထပ်ဘုရားခန်းအတွင်း ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို အိမ်တွင်နေသည့် ဆိုင်ဝန်ထမ်းများက ယနေ့ ဇွန်လ ၂၆ ရက် နံနက် ၇ နာရီတွင် တွေ့ရှိသဖြင့် သက်ဆိုင်ရာသို့ အကြောင်း ကြားခဲ့သည်။



ထို့ကြောင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ဇနီးမောင်နှံနှစ်ဦးမှာ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေပြီး ရေချိုးခန်းအတွင်း သွေးများပေနေသော အသွား ၆ လက်မရှိ ဓားတစ်ချောင်းနှင့် စကေဘာတစ်ချောင်းကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် နေအိမ်တွင်တပ်ဆင်ထားသော CCTV ကို စစ်ဆေးရာ လူနှစ်ဦးသည် ဇွန်လ ၂၅ ရက် ည ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် အိမ်အတွင်းဝင်ရောက်လာကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။
အဆိုပါဝင်ရောက်လာသူနှစ်ဦး၏ပုံကို ဆိုင်ဝန်ထမ်းများအား ပြသမေးမြန်းရာ လွန်ခဲ့သော ၈ လက အလုပ်မှ ထွက်သွားသော ဆိုင်ဝန်ထမ်းဟောင်း ဗိုလ်ထီး (ခ) မျိုးဇော်နှင့် ငမျိုး (ခ) မျိုးဇော်အောင်တို့ဖြစ်ကြောင်းသိရသောကြောင့် ရဲတပ်ဖွဲ့က ဖြန့်ခွဲရှာဖွေရာ လူသတ်တရားခံ ဗိုလ်ထီး (ခ) မျိုးဇော်နှင့် ငမျိုး (ခ) မျိုးဇော်အောင်တို့ နှစ်ဦးကို လှိုင်သာယာနှင့် သာကေတမြို့နယ်တို့မှ ဖမ်းဆီးမိရခဲ့ကြောင်း NOM ၏ ဖော်ပြမှုအရ သိရသည်။
ဦးအောင်ကျော်ကျော်နှင့် ဒေါ်နွယ်နွယ်ထွန်းတို့မှာ အေးချမ်းသဘောကောင်းသူများဖြစ်ကြောင်း၊ ရင်သွေးနှစ်ဦးကျန်ခဲ့ကြောင်းလည်း ကွယ်လွန်သူတို့နှင့် ရင်းခြာသူတစ်ဦးက ပြောသည်။
