◾ တိုင်းပြည်ကို ကောင်းမွန်စေချင်သည့်အတွက် ငြိမ်းချမ်းရေးရရန် မည်မျှကုန်ကုန် လုပ်ဆောင်မည်ဟုပါ ပြောကြား
သတိုး
၂၆. ၆. ၂၀၂၆
တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေး လိုချင်ပါက လာခဲ့နိုင်ကြောင်းနှင့် မည်သည့်ကြိုတင်သတ်မှတ်ချက်မှ မရှိဘဲ ဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ယနေ့ကျင်းပသည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည် ဖော်ရေးဗဟိုကော်မတီ အစည်းအဝေးတွင် ထပ်မံ ဖိတ်ခေါ်လိုက်သည်။
မိမိတို့အစိုးရတာဝန်ယူချိန်တွင် တည်ငြိမ်အေးချမ်းသည့် ဒီမိုကရေစီနိုင်ငံတစ်ခု အဖြစ်ဆောင်ရွက်မည်၊ နိုင်ငံရေးမျှော်မှန်းချက်တွင် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုခိုင်မာအောင်ဆောင်ရွက်မည်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို အခြေခံသည့်ပြည်ထောင်စုကို တည်ဆောက်မည်ဟု ပါရှိပြီးဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် အကြောင်းအမျိုးမျိုးကြောင့် နောက်ကျကျန်ခဲ့သည့် နယ်မြေများကို ဖွံ့ဖြိုးတိုးတက်မှုများ ကွာဟမှုမရှိအောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အချို့နယ်မြေများသည် အစွန်အဖျားဒေသများမဟုတ်သော်လည်း ဖွံ့ဖြိုးတိုး တက်မှုနောက်ကျနေသည့် ဒေသများလည်းရှိကြောင်း၊ ထို့ကြောင့် အဆိုပါဒေသများ ဖွံဖြိုးတိုးတက်ရေးအတွက်လည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းလည်း နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
“ကွာဟမှုရှိနေတဲ့နယ်မြေတွေ ကွာဟမှုမရှိအောင် လုပ်ပေးဖို့ ဒါကတော့ ကျွန်တော်တို့ မလွဲမသွေ ဆောင်ရွက်မယ့် လုပ်ငန်းတာဝန်တစ်ခု ဖြစ်တယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင်လည်း တည်ငြိမ်အေးချမ်းရေးက အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရသစ်တာဝန်ယူတဲ့အချိန်မှာ ကျွန်တော့်တိုင်းပြည် ငြိမ်းချမ်းအောင်လုပ်မယ်။ ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်။ ကျွန်တော် ၅ နှစ်အတွင်းမှာ တိုင်းပြည်ငြိမ်းချမ်းအောင် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်မယ်လို့ ကျွန်တော်ပြောခဲ့တယ်။ ရက်ပေါင်း ၁၀၀ နဲ့ပတ်သက်ပြီး ကျွန်တော်ပြောတဲ့အချိန်မှာ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုတွေလုပ်ခဲ့ပါတယ်။ အခုလည်း ထပ်ပြောချင်ပါတယ်။ ကျွန်တော်တို့အစိုးရ ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ။ တိုင်းရင်းသား လက်နက်ကိုင်ဘယ်အဖွဲ့အစည်းမဆို ဘာကြိုတင် ကန့်သတ်ချက်မှမထားဘူး။ ငြိမ်းချမ်းရေးအတွက်လာပြီးဆွေးနွေးဖို့ ကျွန်တော် ဖိတ်ခေါ်ပါတယ်။ ဒါကိုထပ်ပြီးတော့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့က ရက်ပေါင်း ၁၀၀ စီမံချက်ထဲမှာ ထည့်ထားတာ။ ရက်ပေါင်း ၁၀၀ အတွင်းမှာ ကျွန်တော်တို့ အကောင်အထည်ဖော်ဖို့ ပြောထားတာ။ သို့သော်လည်းပဲ တချို့ကျတော့လည်း ဒါကိုကြိုတင်ကန့်သတ်ချက် မရှိဘူးဆိုပြီးတော့ ရက် ၁၀၀ လို့ ပြောထားတယ် ဆိုပြီးတော့ ပြောကြတာ။ ရက် ၁၀၀ အတွင်းမှာ ဒါလုပ်တဲ့အတွက်ကြောင့် ဒါလည်း Precaution လို့ ယူဆ၊ စကားကို ပေါက်ပေါက်ရှာရှာပြောတယ်။ ဒါ ကပ်ပြီးတော့လုပ်တာ။ တကယ်ငြိမ်းချမ်းရေး လိုချင်ရင် ဒီနေ့ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ရောက်လာ လိမ့်မယ်။ ငြိမ်းချမ်းရေး မလိုချင်ရင်တော့ အကြောင်းပြပြီးတော့ အချိန်ဆွဲမှာ။ ကျွန်တော်ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ပါတယ်၊ လာပါ၊ ပြုပါဆိုတာ ကျွန်တော်တို့လုပ်လို့ရတယ်။ တကယ်လည်း ကျွန်တော်လုပ်ချင်ပါတယ်။ အခု ကျွန်တော်ရတဲ့ Channel တိုင်းကနေ ကျွန်တော် ရအောင် ကြိုးစားတယ်။ ကျွန်တော် ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ရဖို့ဆိုရင် ဘာပဲ ဘယ်လောက် ကုန်ကုန် ငါလုပ်မယ်လို့ ပြောတယ်။ တိုင်းပြည်ကို ကောင်းစေချင်တယ်။ ကျွန်တော်တို့ နောက်ကျကျန်ခဲ့တယ်ဗျ။ ဒါစဉ်းစားကြည့်ပါ။ ကျွန်တော်တို့မှာ ခြေလှမ်းရှေ့တိုးတယ်ဆိုမှ အချုပ်အနှောင်နဲ့ ချုပ်နှောင်ထားတဲ့ ခြေလှမ်းနဲ့ရှေ့တိုး နေရတာ။ တကယ်တော့ မရောက်ဘူး။ ခုနအချုပ်အနှောင်ဆိုတာ ပြဿနာတွေနဲ့ ချုပ်နှောင်ထားတာ။ အခက်အခဲတွေနဲ့ ချုပ်နှောင်ထားတာ။ ကျွန်တော်တို့မှာ လွတ်လွတ်လပ်လပ်မရှိဘူး။ ပြောရရင်တော့ဗျာ မြင်းဇောင်းထဲက ထွက်လာတဲ့ မြင်းလို တစ်ခါထဲဝုန်းဝုန်းဝုန်းဆိုပြီး ထွက်သွားချင်တာ။ ဒီလိုသွားချင်တာ။ အခုကမသွားနိုင်ဘူး။ အတားအဆီးတွေ ရှိနေတယ်။ အဲဒီ အတားအဆီးတွေက ပဋိပက္ခတွေပါ ။ နိုင်ငံရေး ပဋိပက္ခ၊ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတယ်။ ကျွန်တော်တို့က ဒါကိုပြတ်အောင်၊ ရှင်းအောင် လုပ်ဖို့လိုတယ်။ ဒါကြောင့် ဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကျွန်တော်တို့ ပြောချင်ပါတယ်၊ EAO များကို ကျွန်တော်ပြောချင်တယ်။ တကယ် ငြိမ်းချမ်းရေး လိုချင်ရင် လာခဲ့ပါ။ ဘာကြိုတင်သတ်မှတ်ချက်မှ မရှိဘဲ ကျွန်တော်တို့ ဆွေးနွေးမယ်” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားရာ၌ ပြည်သူလူထု၏ တောင်းဆိုချက်တွင် လူမှုစီးပွားဘဝများ တိုးတက်လိုကြကြောင်း၊ လူများသည် ရေကြည်ရာမြက်နုရာကို ရှာဖွေကြသဖြင့် မိမိတို့ဒေသတွင် အလုပ်အကိုင်များရရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်မည်ဆိုပါက အခြားနေရာများသို့ သွား ရောက်နေထိုင်မှုများ နည်းပါးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နယ်စပ်ဒေသ တိုင်းရင်းသားများ၏ ဆူကြုံနိမ့်မြင့်ကွာခြားမှုများကို နည်းပါးအောင်ဆောင်ရွက်ပေး ကြရမည်ဖြစ်ကြောင်း၊ အဆိုပါဒေသများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် ပေးရန်မဖြစ်မနေ လိုအပ်ကြောင်း၊ တစ်ဖက်မှငြိမ်းချမ်းရေးကိုဖိတ်ခေါ်ဆောင်ရွက်ပြီး တစ်ဖက်မှလည်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အဓိက အားဖြင့် အဆိုပါဒေသများတွင် အားနည်းချက်များရှိနေသည့် ပညာရေး၊ ကျန်းမာရေး နှင့် လူမှုစီးပွားဘဝများ မြှင့်တင်နိုင်သည့် လူ့စွမ်းအားအရင်းမြစ်များရှိ လာရန်လို ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လမ်းပန်းဆက်သွယ်မှုများနှင့် ဆက်သွယ်မှု များလည်း ယခုထက်ပိုမိုကောင်း မွန်လာအောင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာ ရေးနှင့် ကျန်းမာရေးအတွက်လိုအပ်သည့် လူသားအရင်းအမြစ်များရောက်ရှိစေရေး အတွက် ပြည်ထောင်စုမှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် သက်ဆိုင်ရာကဏ္ဍ များအလိုက်လည်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလိုက် ထိထိရောက်ရောက် တိုးတက်မှုရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အသိပညာများတိုးတက်အောင်၊ ကျန်းမာရေးကောင်းမွန်အောင်ဖြည့်ဆည်းဆောင်ရွက် ပေးကြရန်လိုကြောင်း၊ ဒေသအလိုက် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ပြီး စားသောက်ကုန်များဖူလုံအောင် ဆောင်ရွက်ပေးကြရန်လိုကြောင်းလည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။
