
သက်တံ့
၂၂. ၆. ၂၀၂၆
ဝေါမြို့နယ်တွင် ကရင်ပြည်နယ်သို့ သယ်ဆောင်သည့် ငွေကျပ် ၆၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) မူးယစ်ဆေး ၁ ဒသမ ၅ တန်ကျော်နှင့် စိတ်ကြွဆေးပြား ၆ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇွန် ၉ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည် ကျေးရွာအနီးတွင် ယာဉ်မောင်း စိုင်းမောင်မောင် မောင်းနှင်ပြီး မြတ်နိုးအောင် လိုက်ပါလာသည့် FAN အမျိုးအစား ၂၂ ဘီးယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် ဒေသတန်ဖိုးငွေကျပ် ၆၂ ဒသမ ၀၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅၁ တန်၊ စိတ်ကြွဆေးပြား ၆ ဒသမ ၁၅ သန်းတို့ကို ဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးများအား ပျဉ်းမနားမြို့နယ်မှ ဘားအံသို့ သယ်ဆောင်ခိုင်းသူမှာ တောင်ငူမြို့၊ ထီးလှိုင်(၁) ရပ်ကွက်နေ အောင်ဇေယျဖြိုး (ခ) ကျော်သူရ (ခ) သူရ (ခ) ကြက်ခေါင်း (ဖမ်းဆီးရန်ကျန်) ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း၊ ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
