သက်တံ့
၂၂. ၆. ၂၀၂၆
မြန်မာနိုင်ငံဘက်ခြမ်း၌ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာမည့်အရေး စိုးရိမ်ပူပန်မှုများ ရှိနေစဉ်အတွင်း လတ်တလော တိုက်ပွဲများမှ ကျည်ဆန်အချို့ ထိုင်းနိုင်ငံပိုင်နက်ထဲသို့ ကျရောက်ခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်း-မြန်မာနယ်စပ်ရှိ စာသင်ကျောင်းတစ်ကျောင်းကို ယာယီပိတ်ထားလိုက်ရသည်။
ထိုင်းဘုရင့်တပ်မတော်၏ ဒုတိယသတင်းပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီး နုချ်ရာဝီ ဂျမ်ဂျမ်ရတ်က တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ ဘန်မဲကွန်ကန် စာသင်ကျောင်း ပိတ်လိုက်ရပြီးနောက် နာရဲစွမ် စစ်ဆင်ရေးအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံ၏ အနောက်ဘက်နယ်စပ်တစ်လျှောက် အခြေအနေကို အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း ဇွန်လ ၂၂ ရက်က ပြောကြားခဲ့သည်။
ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်အရ မြန်မာ့တပ်မတော်သည် တက်ခ်ခရိုင်ရှိ ဟွေမဟာဝမ် ကျေးရွာနှင့် မျက်နှာချင်းဆိုင်ရှိသော မြဝတီမြို့နယ်အတွင်းမှ မင်းလက်ပန်ကျေးရွာနှင့် ဖလူးကျေးရွာတို့တွင် စစ်အင်အား ဖြည့်တင်းမှုများ ပြုလုပ်ထားကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၂၁ ရက်မှ ယနေ့အတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီးနောက် မြန်မာ့တပ်မတော်သည် အဆိုပါဒေသရှိ တော်လှန်ရေးအင်အားစုများကို စစ်ဆင်ရေးဆင်နွှဲရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း ထိုင်းစစ်တပ်က ယူဆထားသည်။
လတ်တလော ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ကျည်ဆန်များ ထိုင်းပိုင်နက်ထဲသို့ ဖြတ်ကျော်ကျရောက်ခဲ့ခြင်းကြောင့် ကျောင်းသား ကျောင်းသူများ၏ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် အဆိုပါကျောင်းအား ယာယီပိတ်ထားခဲ့ရခြင်း ဖြစ်သည်။
ထိုင်းဘုရင့်တပ်မတော်အနေဖြင့် နယ်စပ်တစ်လျှောက်ရှိ ဒေသခံပြည်သူများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်စောင့်ရှောက်ရန် နာရဲစွမ် စစ်ဆင်ရေးအဖွဲ့နှင့် ရတ်ချမနူစစ်ဆင်ရေးအဖွဲ့တို့မှ စစ်သည်အင်အားနှင့် စစ်လက်နက်ပစ္စည်းများကို အသင့်အနေအထားဖြင့် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။
အာဏာပိုင်များက နယ်စပ်လူထုအတွင်း နေထိုင်ကြသည့် ပြည်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန်နှင့် အစိုးရဌာနဆိုင်ရာများ၏ သတင်းထုတ်ပြန်ချက်များကို အနီးကပ် စောင့်ကြည့်ကြရန် အကြံပြုထားသည်။
လက်ရှိအခြေအနေကြောင့် ထိခိုက်ခံစားရသူများ သို့မဟုတ် မသင်္ကာဖွယ် လှုပ်ရှားမှုများကို မြင်တွေ့ရသူများအနေဖြင့် ၂၄ နာရီပတ်လုံး အဆင်သင့်ရှိနေသည့် ဒေသခံ လုံခြုံရေးအာဏာပိုင်များထံ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်းလည်း တိုက်တွန်းထားသည်။
Ref: Khaosod English
