
သက်တံ့
၂၂. ၆. ၂၀၂၆
လာမည့်နှစ်တွင် နှစ် ၃၀ ပြည့်မြောက်မည့် BIMSTEC အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို မြန်မာနိုင်ငံက လွှဲပြောင်းရယူမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက သတင်းထုတ်ပြန်ပြောဆိုသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် (BIMSTEC) အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် BIMSTEC အဖွဲ့အစည်းအတွင်း မြန်မာနိုင်ငံ၏ တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိမှုများ၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများ၊ အဖွဲ့အစည်း၏ အနာဂတ်လုပ်ငန်းစဉ်များနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
BIMSTEC အတွင်းရေးမှူးချုပ် Mr. Indra Mani Pandey က ပြီးခဲ့သည့် BIMSTEC (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးအတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့ခြင်းကို ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံခရီးစဉ်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးကောင်းမွန်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် BIMSTEC ၏ တည်ထောင်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် အဖွဲ့အစည်းအတွင်း အလွန်တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းအကျိုးပြု အခန်းကဏ္ဍအတွက် အရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ယင်းအပြင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် BIMSTEC ၏ လုပ်ငန်းများတွင် အစဉ်တစိုက် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လာမည့် ခြောက်လခန့်အကြာတွင် မြန်မာနိုင်ငံမှ BIMSTEC အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို လွှဲပြောင်းရယူဆောင်ရွက်မည်ဖြစ်သဖြင့် အဖွဲ့အစည်း၏ လုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးစေရေးအတွက် မြန်မာနိုင်ငံနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
BIMSTEC တည်ထောင်ခြင်း နှစ် (၃၀) ပြည့် အထိမ်းအမှတ်အခမ်းအနားများ ကျရောက်မည့်အချိန်တွင်လည်း မြန်မာနိုင်ငံအနေဖြင့် အဖွဲ့အစည်း၏ ရည်မှန်းချက်များ အောင်မြင်စေရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေးအတွက် အဓိပ္ပာယ်ပြည့်ဝသော လှုပ်ရှားဆောင်ရွက်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်းနှင့် နိုင်ငံ့ခေါင်းဆောင်များအနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံအနေဖြင့် BIMSTEC ၏ ရည်မှန်းချက်များနှင့် ဦးစားပေးလုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံများအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ဆက်သွယ်ရေး၊ နည်းပညာနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
BIMSTEC သည် ဘင်္ဂလားပင်လယ်အော်ဒေသရှိ နိုင်ငံများအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဖွဲ့စည်းထားသည့် ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသည် တည်ထောင်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည်။
