

MT News
၂၂. ၆. ၂၀၂၆
PDF အမည်ခံအကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်စေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာသည့် ရည်ရွယ်ချက်များဖြင့် ပညာသင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ Drop Bomb ချ တိုက်ခိုက်ခြင်းများကို နည်းလမ်းမျိုးစုံဖြင့် ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိရာ ယခုလည်း ရေစကြိုမြို့နယ်၊ ဖူလုံရွာ အထက်တန်းကျောင်းကို PDF များက Drop Bomb ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ရေစကြို PDF များက ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ဖူလုံ)အား Drop Bomb များဖြင့် အကြောင်းမဲ့ပစ်ချ တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ကျောင်းဝန်း အပြင်ဘက်မျက်နှာစာနေရာတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါဗုံးသီးကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် လူနှင့်အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။
PDF အမည်ခံအကြမ်းဖက်သမားများသည် ယခုကဲ့သို့ စစ်ရေးနှင့် သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေသည့် ပညာရေးဆိုင်ရာ အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါအကြမ်းဖက်လုပ်ရပ်အပေါ် ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
