သက်တံ့
၂၂. ၆. ၂၀၂၆
ဂျပန်နိုင်ငံအနောက်ပိုင်းရှိ Imabari Meitoku Junior College တွင် မြန်မာနိုင်ငံမှ ကျောင်းသားဖလှယ်ရေးအစီအစဉ်ဖြင့် လာရောက်ပညာသင်ကြားနေသည့် ကျောင်းသား ၂၀ အပါအဝင် ကျောင်းသား ၃၀ ခန့်သည် ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်က ဂျပန်နိုင်ငံ၏ အကြီးဆုံး သင်္ဘောတည်ဆောက်ရေးကုမ္ပဏီဖြစ်သည့် အီမာဘာရီစက်ရုံသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး ကမ္ဘာ့အဆင့်မြင့်ဆုံး ရေကြောင်းစက်မှုလုပ်ငန်း၏ ရှေ့တန်းမျက်နှာစာကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခွင့်ရရှိခဲ့ကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းခွင်မှတစ်ဆင့် အဆိုပါမြို့၏ အနာဂတ်အလားအလာများကို လေ့လာခဲ့ကြသည်ဟု The Mainichi သတင်းဌာနက ယနေ့ဖော်ပြသည်။
အီမာဘာရီ မိအိတိုကု ဂျူနီယာကောလိပ် (Imabari Meitoku Junior College)၊ Life Design ဌာနမှ ကျောင်းသားကျောင်းသူများသည် ဒေသတွင်း ပြန်လည်ဆန်းသစ်တက်ကြွလာစေရေး (Regional Revitalization) ဘာသာရပ်ဆိုင်ရာ ပြင်ပကွင်းဆင်းလေ့လာမှုသင်ခန်းစာအဖြစ် အဆိုပါမြို့၏ ကိုအူရာချိုခရိုင် (Koura-cho) အခြေစိုက် အီမာဘာရီ သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ (Imabari Shipbuilding Co.) သို့ သွားရောက်လေ့လာခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့သည် ကနဦးတွင် ဗီဒီယိုပြသမှုမှတစ်ဆင့် သင်္ဘောတည်ဆောက်မှုလုပ်ငန်းအကြောင်း လေ့လာခဲ့ကြသည်။ ထိုလေ့လာမှုမှ အီမာဘာရီ သင်္ဘောတည်ဆောက်ရေးအုပ်စု (Imabari Shipbuilding Group) သည် ဂျပန်ပြည်တွင်း သင်္ဘောတည်ဆောက်မှုပမာဏ၏ ၅၁ ဒသမ ၅ ရာခိုင်နှုန်းခန့်နှင့် ကမ္ဘာတစ်ဝန်းတွင် ၇ ဒသမ ၂ ရာခိုင်နှုန်းခန့်ကို တာဝန်ယူ တည်ဆောက်ပေးနေကြောင်း သိရှိခဲ့ကြသည်။ ထို့ပြင် အဆိုပါစက်မှုလုပ်ငန်းအနေဖြင့် သင်္ဘောများမှ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို လျှော့ချရန်အတွက် လောင်စာဆီအပြင်းစားများအစား သဘာဝဓာတ်ငွေ့ရည် (LNG)၊ အမိုးနီးယားနှင့် ဟိုက်ဒရိုဂျင်တို့ဖြင့် အစားထိုးသည့် “အစားထိုးလောင်စာသုံး သင်္ဘောများ” အဖြစ်သို့ လျင်မြန်စွာ ကူးပြောင်းခြင်းအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အစီအမံများကို ပိုမိုဦးစားပေး လုပ်ဆောင်နေကြောင်း လေ့လာခဲ့ရသည်။
သင်္ဘောကျင်းအတွင်း၌ ကျောင်းသားများသည် ကြီးမားလှသော သံမဏိပစ္စည်းများကို တစ်တုံးချင်းစီ သယ်ဆောင်လာပုံနှင့် တန်ချိန် ၄၀,၀၀၀ အတန်းအစား ကုန်တင်သင်္ဘောကြီးများကို မည်သို့ အချောသတ်တည်ဆောက်ပုံတို့ကို ကြည့်ရှုလေ့လာခဲ့ကြသည်။
နိုင်ငံတကာ ခရီးသွားလုပ်ငန်းစီးပွားရေး (International Tourism Business) ဘာသာရပ်ကို လေ့လာနေသည့် မြန်မာကျောင်းသူ မအိအိမောင်က “သမီး မြင်သမျှအရာအားလုံးက အသစ်အဆန်းတွေချည်းပဲဖြစ်လို့ အံ့ဩမိပါတယ်။ ခေတ်မီအဆင့်မြင့်နည်းပညာတွေကလည်း တကယ့်ကို စိတ်ဝင်စားဖို့ကောင်းပြီး မြန်မာနိုင်ငံမှာရှိတဲ့ သမီးရဲ့မိသားစုတွေကိုလည်း ဒီအကြောင်း ပြန်ပြောပြချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
Ref: The Mainichi
