




၂၂.၆.၂၀၂၆
Written by Linn Eain
ရန်ကုန်မြို့ရှိ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ရုံးအဆောက်အအုံများကို အန္တရာယ်ရှိနိုင်မှုအဆင့်အလိုက် ခွဲခြားသတ်မှတ်ရန်အတွက် ငလျင်နှင့် သဘာ၀ဘေးအန္တရာယ်စစ်ဆေးစမ်းသပ်ခြင်းလုပ်ငန်းများ ဇူလိုင် ၁ ရက်တွင် စတင်ဆောင်ရွက်မည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်က ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။
ယနေ့ ဇွန် ၂၂ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့၌ ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်၏ “ရန်ကုန်တိုင်းအတွင်း ဘေးအန္တရာယ်ရှိ အဆောက်အဦများပြုပြင်စေခြင်း(သို့) ဖယ်ရှားခြင်းများကို ဆောင်ရွက်ရန်နှင့် အမြင်မတင့်တယ်လောက်အောင်ပျက်စီးနေသော အဆောက်အဦများ၏ ကြံ့ခိုင်ရေးကို လတ်တလော စိစစ်ဆောင်ရွက်နေခြင်း ရှိ/မရှိမေးခွန်းကို ရန်ကုန်မြို့တော်ဝန်က ပြန်လည်ဖြေကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တော်ဝန်နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ” ငလျင်နဲ့ သဘာ၀ဘေးအန္တရာယ်များဖြစ်ပွားပါက ထိခိုက်ပျက်စီးစေမှုနည်းပါးစေမှုအတွက် အဆောက်အအုံများ ကြံ့ခိုင်ရေးနဲ့ ပတ်သက်ပြီးတော့ အင်ဂျင်နီယာဌာန အဆောက်အအုံအနေနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နဲ့ မြန်မာနိုင်ငံမြေငလျင်ကော်မတီတို့နဲ့ ပူးပေါင်းပြီးတော့မှ စာသင်ကျောင်းများ၊ ဆေးရုံများနဲ့ ရုံးအဆောက်အအုံများကို စနစ်တကျစစ်ဆေးပြီးတော့မှ အန္တရာယ်ရှိနိုင်မှုအဆင့်အလိုက် ခွဲခြားသတ်မှတ်ဖို့အတွက်ကို ငလျင်နှင့် သဘာ၀အန္တရာယ် စစ်ဆေးစမ်းသပ်ခြင်းလုပ်ငန်းများကို အစည်းအဝေးများ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပြီးတော့မှ လာမဲ့ ဇူလိုင် ၁ ရက်နေ့မှာ စတင်ဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ ပြန်လည်ဖြေကြားအပ်ပါတယ် ” ဟု တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့သည်။
ထို့ပြင် အန္တရာယ်ရှိအဆောက်အအုံများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း လူနေထိုင်ရန်မသင့်တော်သည့်အပြင် အန္တရာယ်ရှိအဆောက်အအုံဖြစ်သည်ဟု သတ်မှတ်ကြေညာခဲ့ပြီး အဆောက်အအုံဖြိုဖျက်ခြင်း၊ အသစ်ပြန်လည်တည်ဆောက်ခြင်းမရှိသေးသည့် အဆောက်အအုံများတွင် ဆက်လက်နေထိုင်အသုံးပြုသူများကို အမြန်ဆုံးပြောင်းရွှေ့ဖယ်ရှားရန် အကြောင်းကြားဆောင်ရွက်ခဲ့ပြီး အဆောက်အအုံသစ်ဆောက်လုပ်နိုင်ရန်အတွက် အန္တရာယ်ရှိနိုင်သည့် အဆင့်ပေါ်မူတည်ပြီး ဦးစားပေးအဆင့်အလိုက် အင်ဂျင်နီယာဌာနတွင် ခေါ်ယူညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်က ဖြေကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်မြိုတော်ဝန်က ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ထားခြင်းမရှိသေးသော်လည်း အမြင်မတင့်တယ်လောက်အောင် ပျက်စီးနေသည့်အဆောက်အအုံများ၏ ကြံ့ခိုင်ရေးကို ပြင်ဆင်ဆောင်ရွက်ရန်ကိစ္စနှင့် ပတ်သက်ပြီး အင်ဂျင်နီယာဌာန အဆောက်အအုံအနေဖြင့် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်လျက်ရှိရာတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ အသိအမှတ်ပြုထားသော မှတ်ပုံတင်လက်မှတ်ရ Engineer Construction များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်သွားရန် အကြောင်းကြားစာများပေးပို့ပြီး ပြင်ဆင်ဆောင်ရွက်စေလျက်ရှိကြောင်း ထည့်သွင်းဖြေကြားခဲ့သည်။
အဆိုပါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကသတ်မှတ်ထားသည့် ဘေးအန္တရာယ်ရှိ အဆောက်အဦ များပြားစွာရှိနေကြောင်း သိရှိရပြီး အဆိုပါ အဆောက်အဦများကို မဖြိုဖျက်ဘဲ ထားရှိခြင်းသည် သဘာဝဘေးအန္တရာယ်တစ်ခုခုဖြစ်ပွားလာချိန် အဆိုပါ အဆောက်အဦပြိုကျပါက ဘေးပတ်ဝန်းကျင်ရှိ ပြည်သူများ၏ ဘဝလုံခြုံရေးကို ထိခိုက်စေသည့်အပြင် လမ်းသွားလမ်းလာပြည်သူများ၏ အသက်အန္တရာယ်များကို ထိခိုက်စေနိုင်ခြင်းကြောင့် ယခုကဲ့သို့ တိုင်းဒေသကြီးလွှတ်တော်သို့ မေးခွန်း မေးမြန်းရခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က ပြောကြားခဲ့သည်။
