MT News
၂၂.၆. ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် (BIMSTEC) အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြောင်း ကနဦးသိရှိရသည်။
အဆိုပါ ဘင်းမ်စတက် (BIMSTEC) ဟုခေါ်ဆိုသည့် ဘင်္ဂလားပင်လယ်အော်ကမ်းခြေဒေသ ဘက်စုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) သည် ဘင်္ဂလားပင်လယ်အော်ကို အမှီပြုနေသည့် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြသော မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံအပါအဝင် စုစုပေါင်း ၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဘင်းမ်စတက်အဖွဲ့ကို အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး အစရှိသည့် ကဏ္ဍစုံတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယနေ့တွေ့ဆုံမှုတွင်လည်း ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများနှင့် မြန်မာနိုင်ငံ၏ ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်မှု အခြေအနေများကို အဓိကထား ဆွေးနွေးခဲ့ကြဖွယ်ရှိကြောင်း ကနဦး သိရှိရသည်။
