သက်တံ့
၂၂. ၆. ၂၀၂၆
မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် နေရပ်စွန့်ခွာ ဘင်္ဂါလီဒုက္ခသည်ပြဿနာအတွက် မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးမှုများအပါအဝင် ရေရှည်တည်တံ့မည့် ဖြေရှင်းချက်တစ်ရပ်ကို ရှာဖွေရန် အာဆီယံယန္တရားများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် ဒါတွက်ခ်စရီ အန်ဝါ အီဘရာဟင်က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားနိုင်ငံတို့တွင် လက်ရှိခိုလှုံနေကြသည့် ဘင်္ဂါလီဒုက္ခသည်များ၏ ဒုက္ခဆင်းရဲများကို ဖြေရှင်းပေးရန် နှစ်နိုင်ငံစလုံး၌ ခိုင်မာသော ကတိကဝတ်များ ရှိကြကြောင်းနှင့် နှစ်နိုင်ငံအနေဖြင့် မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးနိုင်ရေးအတွက် ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ၏ ကောင်းမွန်သောအကျိုးဆောင်မှုများနှင့် အာဆီယံပလက်ဖောင်းများမှတစ်ဆင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အန်ဝါက ဆက်လက် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ ပူးပေါင်းကြိုးပမ်းမှုကတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားနိုင်ငံတွေက ဘင်္ဂါလီဒုက္ခသည်တွေရဲ့ အခက်အခဲကို ဖြေရှင်းနိုင်ဖို့ ကြိုးစားသွားမှာပါ။ ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းကို ဖြေရှင်းဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကောင်းမွန်တဲ့ အကျိုးဆောင်မှုတွေ၊ အာဆီယံယန္တရားတွေကတစ်ဆင့် မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်ပါတယ်” ဟု အန်ဝါက ယနေ့တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ် ရာမန် (Tarique Rahman) နှင့်အတူ ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့အတူ တာရစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေရသည့် ဘင်္ဂါလီလူမျိုးများ ရင်ဆိုင်နေရသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေအပေါ် လေးလေးနက်နက် စိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့အား မြန်မာနိုင်ငံသို့ ဘေးကင်းလုံခြုံ၊ ဂုဏ်သိက္ခာရှိပြီး ရေရှည်တည်တံ့သော နေရပ်ပြန်ပို့ရေး သေချာစေရန် မလေးရှားနိုင်ငံ၏ ဆက်တိုက်ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ကိစ္စရပ်အတော်များများတွင် ပိုမိုနီးကပ်သော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်ထားကြောင်းလည်း ၎င်းက ဆိုသည်။
“ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေရတဲ့ ဘင်္ဂါလီတွေအတွက် ကျွန်တော် အထူးစိုးရိမ်ပူပန်မိပါတယ်။ သူတို့ကို မြန်မာနိုင်ငံဆီ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ ရေရှည်ပြန်ပို့နိုင်ရေးအတွက် မလေးရှားရဲ့ စဉ်ဆက်မပြတ် ထောက်ခံအားပေးမှုတွေကို ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အစောပိုင်းက အန်ဝါနှင့် တာရစ်တို့သည် မလေးရှား-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး တိုးတက်မှုကို ဆွေးနွေးရန်နှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ လူသားအရင်းအမြစ် စီမံခန့်ခွဲမှု၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductors)၊ စွမ်းအင်၊ စိုက်ပျိုးရေးနှင့် ပညာရေးအပါအဝင် အဓိကကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် အခွင့်အလမ်းများကို ရှာဖွေရန် နှစ်နိုင်ငံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။
၎င်းတို့သည် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားဖြစ်ထွန်းမည့် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များအပေါ်တွင်လည်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့နောက် ခေါင်းဆောင်နှစ်ဦးသည် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (MOU) လဲလှယ်ခြင်းအပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး သုတေသနနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့စေရေးဆိုင်ရာ သဝဏ်လွှာလဲလှယ်ခြင်း (Exchanges of Notes – EoNs) နှစ်ရပ်ကို ၎င်းတို့၏ ရှေ့မှောက်တွင် လဲလှယ်ခဲ့ကြသည်။
တာရစ်သည် အန်ဝါ၏ ဖိတ်ကြားချက်အရ နှစ်ရက်တာ တရားဝင်ခရီးစဉ်အဖြစ် ယမန်နေ့ညက မလေးရှားနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ ယင်းမှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ရာထူးလက်ခံရယူပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံးသော ပြည်ပနှစ်နိုင်ငံတရားဝင် ခရီးစဉ်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်အကြား စုစုပေါင်းကုန်သွယ်မှုသည် ရင်းဂစ် ၁၂ ဒသမ ၁၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၄ ဘီလီယံ) ရှိခဲ့ပြီး၊ အဓိကအားဖြင့် ရေနံထွက်ပစ္စည်းများကြောင့် မလေးရှား၏ ပို့ကုန်တန်ဖိုးမှာ ရင်းဂစ် ၁၀ ဒသမ ၀၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၅ ဘီလီယံ) ရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်သွင်းမှုမှာ ရင်းဂစ် ၂ ဒသမ ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၀ ဒသမ ၅၀ ဘီလီယံ) ရှိခဲ့ပြီး အဓိကအားဖြင့် အထည်အလိပ်၊ အဝတ်အထည်နှင့် ဖိနပ်များ ပါဝင်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ၌ မလေးရှား၏ ၂၈ ခုမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး၊ တောင်အာရှဒေသတွင်မူ အိန္ဒိယနိုင်ငံပြီးနောက် ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်၊ ပို့ကုန်တင်ပို့ရာနိုင်ငံနှင့် သွင်းကုန်တင်သွင်းရာ နိုင်ငံဖြစ်သည်။
Ref: Bernama
