၂၂.၆.၂၀၂၆
Written by Nay Yaung Lin
“နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းအဆို”ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွန်းနိုင် (ခ) ဦးရွှေဘော်က တင်သွင်းခဲ့သည်။
ယနေ့(ဇွန် ၂၂ ) ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် အဆိုပါ အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။


“နိုင်ငံတော်သမ္မတကြီးနှင့် မြန်မာနိုင်ငံကို ဖိတ်ကြားတဲ့အပြင် အထူးဧည့်ဝတ်ကျေပွန်စွာ အဆင့်မြင့်ကြိုဆိုဧည့်ခံခဲ့ပါသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတကြီး ရှီကျင်ဖျင့်နဲ့ တရုတ်နိုင်ငံပြည်သူများအား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အိမ်နီးချင်းကောင်း၊ ဆွေမျိုးပေါက်ဖော်၊ မိတ်ဆွေအရင်း ညီရင်းအစ်ကို စိတ်ထားဖြင့် ပူးပေါင်းကူညီ အားပေးဆောင်ရွက်မှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေးအဓွန့်ရှည်ပြီး နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ပါစေကြောင်း တင်ပြရင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီး ဦးမင်းအောင်လှိုင်၏ ၁၅.၆.၂၀၂၆ ရက်မှ ၁၉.၆.၂၀၂၆ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်အား နိုင်ငံတော်နှင့် နိုင်ငံသားများက ဝမ်းမြောက်ဂုဏ်ယူပါကြောင်း အဆိုကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ လေးနက်တည်ကြည်စွာ တင်သွင်းအပ်ပါတယ်” ဟု အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွန်းနိုင်(ခ) ဦးရွှေဘော်က တင်သွင်းပြောကြားခဲ့သည်။
ယင်းနောက် အဆိုကို တက်ရောက်လာသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားအားလုံးက သဘောတူသဖြင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်က ၎င်းအဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။


