၁၇.၆.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ ဝမ်မိုင်ရပ်ကွက် ကျိုင်းတုံ-တာချီလိတ်လမ်းမကြီးတွင် ဆိုင်ကယ်တစ်စီးက ၁၂ ဘီးကုန်တင်ယာဥ်ကို ဝင်တိုက်ရာမှ လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိမှု ဇွန်လ ၁၆ ရက် နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လူငယ်နှစ်ဦးမောင်းလာသော ဆိုင်ကယ်တစ်စီးမှာ လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ ကုန်မပါသော ၁၂ ဘီးကုန်တင်ယာဥ်၏ အောက်သို့ဝင်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အသက် ၁၈ နှစ်အရွယ် ကိုသန့်ဇင်နိုင်မှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ၎င်း၏သူငယ်ချင်း အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးမှာ ခြေထောက်ကျိုးသည့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဥ်တိုက်မှုကြောင့် သေဆုံးသူနှင့်ဒဏ်ရာရရှိသူကို သင်္ဂဟလူမှုကူညီရေးအသင်း(မိုင်းဖြတ်မြို့)မှ အသင်းဝင်များက မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
“သေဆုံးသူက နန်းမွန်ကျေးရွာမှာနေထိုင်တဲ့သူပါ။ သူက အသင်းဝင်ဖြစ်တာကြောင့် သူ့ရဲ့အဘိုးကို နာရေးကူငွေ တစ်သိန်းခွဲပေးအပ်ပြီး နာရေးအတွက်လိုအပ်တဲ့ မဏ္ဍပ်၊ စားပွဲ၊ ထိုင်ခုံတို့ကို ပြင်ဆင်ပေးခဲ့ပါတယ်”ဟု သင်္ဂဟလူမှုကူညီရေးအသင်း (မိုင်းဖြတ်မြို့) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယာဥ်တိုက်မှုကြောင့် ၁၂ ဘီးကုန်တင်ယာဥ်မောင်းအမျိုးသားကို မိုင်းဖြတ်ရဲစခန်းတွင် ဖမ်းဆီးပြီး အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
