၁.၆.၂၀၂၆
Htwe Ko Tun၊ KL
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်လက်နက်ကိုင် TNLA သိုလှောင်ထားသည့် ယမ်းများ ပေါက်ကွဲမှုကြောင့် ကလေးငယ် ၆ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၄၆ ဦးသေဆုံးခဲ့ပြီး ၇၄ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတစ်ဦးထံမှ သိရသည်။
ထို့အတူ တရုတ်နယ်စပ်၏ တောင်ဘက် သုံးကီလိုမီတာ (နှစ်မိုင်) အကွာတွင် တည်ရှိသော အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှ ကလေးခြောက်ဦးအပါအဝင် အလောင်း ၄၆ လောင်းကို မေလ ၃၁ ရက် ညနေအထိ ရှာဖွေတွေ့ရှိခဲ့ပြီး မီးသင်္ဂြိုဟ်ရန် ပို့ဆောင်ခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်သားတစ်ဦးက AP သို့ ပြောကြားခဲ့သည်။
TNLA ထိန်းချုပ် ရွှေဖီမြေ သတင်းဌာန အပါအဝင် မြန်မာမီဒီယာများတွင်မူ သေဆုံးသူဦးရေ ၅၀ မှ ၅၅ ဦးအထိ ရှိကြောင်း သတင်းဖော်ပြခဲ့ကြသည်။ ပေါက်ကွဲမှုကြောင့် မီးခိုးများနှင့် ပျက်စီးသွားသော အဆောက်အအုံများနှင့် အပျက်အစီးများကို ပြသသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများကို ၎င်းတို့က ထုတ်ဝေခဲ့သည်။
ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့မှ ပရဟိတအသင်းများ ပူးပေါင်း၍ အသင်းပိုင်ကား ၁၆ စီးဖြင့် ကယ်ထုတ်ပေးခဲ့ပြီး သေဆုံးသူများကို နမ့်ခမ်းဆေးရုံ၊ ဆေးရုံမှတစ်ဆင့် မီးသင်္ဂြိုဟ်စက်သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျန်ထိခိုက်ဒဏ်ရာရရှိသော လူနာ ၇၄ ဦးကိုလည်း နမ့်ခမ်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေလျက်ရှိပြီး အသက်အန္တရာယ် စိုးရိမ်ရသောလူနာများလည်း ရှိကြောင်း သိရသည်။
“လူအများကြီးနေတဲ့နေရာမှာ ယမ်းဂိုဒေါင်ကို ဘာကြောင့်လုပ်ရတာလဲ။ အိမ်တွေလည်းပြို။ လူတွေလည်းသေ။ နေစရာအိမ်မရှိတော့ဘူး”ဟု ကောင်းတပ်ကျေးရွာဒေသခံတစ်ဦးကပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့၊ ကောင်းတပ်ကျေးရွာတွင် မေလ ၃၁ ရက် မွန်းလွဲ ၁၂ နာရီခန့်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုနှင့်ပတ်သက်၍ မိုင်းတူးရန်လှောင်ထားသည့် ယမ်းပျော့များ ပေါက်ကွဲမှုကြောင့် ဖြစ်ပွားသည်ဟု တအာင်းအကြမ်းဖက်လက်နက်ကိုင် TNLA က ဝန်ခံခဲ့ပြီး TNLA ကြောင့် ပြည်သူများ အသေအပျောက်များလွန်းသည့်အပေါ်လည်း ဝမ်းနည်းသည်ဟု ထုတ်ပြန်ခဲ့သည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ယမ်းပျော့များသည် PSLF/TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသောပစ္စည်းများဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းများအား အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိကာ တာဝန်ရှိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
Gelignite ခေါ် ယမ်းပျော့ကို သတ္တုတူးဖော်ခြင်းနှင့် ကျောက်ခွဲခြင်းလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ မတည်မငြိမ်ဖြစ်လာနိုင်ပြီး ပေါက်ကွဲမှုဖြစ်ပွားတတ်ကာ သိုလှောင်မှုညံ့ဖျင်းပါက ပို၍ပင် မတည်မငြိမ်ဖြစ်လာနိုင်ပြီး ပေါက်ကွဲမှုပြင်းထန်တတ်ကြောင်း သိရသည်။
Ref- AP








