သတိုး
၁. ၆. ၂၀၂၆
အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီတို့သည် ယနေ့ ဇွန် ၁ ရက် နံနက်ပိုင်းက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဟိုက်ဒရာဘတ်အိမ်တော်တွင် တွေ့ဆုံကာ နှစ်နိုင်ငံအကျိုးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် ဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ မေ ၃၀ ရက်မှ ဇွန် ၃ ရက်အထိ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေခြင်း ဖြစ်သည်။ ယခုခရီးစဉ်သည် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံး အိန္ဒိယခရီးစဉ်ဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့လည်း လိုက်ပါလာခဲ့သည်။
အဆိုပါတွေ့ဆုံမှုမတိုင်မီ တနင်္ဂနွေနေ့အစောပိုင်းက အိန္ဒိယ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး အဂျစ်ဒိုဗယ် (Ajit Doval) သည် မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီရ် ဂျိုက်ဆဝေါလ် (Randhir Jaiswal) က X လူမှုကွန်ရက်ပေါ်တွင် “အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဂျစ် ဒိုဗယ်ဟာ ဒီကနေ့မှာ မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်ထံ သွားရောက်တွေ့ဆုံခဲ့ပါတယ်” ဟု ရေးသားဖော်ပြခဲ့သည်။
ထို့အတူ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ် ဂျိုင်ရှန်ကာသည်လည်း စနေနေ့က မြန်မာသမ္မတနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာအားကောင်းစေရန် ၎င်း၏ အပြုသဘောဆောင်သည့် ချဉ်းကပ်မှုကို ချီးကျူးစကားဆိုခဲ့သည်။
ဂျိုင်ရှန်ကာက X လူမှုကွန်ရက်တွင် “ဒီကနေ့ နယူးဒေလီမှာ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်ထံ သွားရောက်တွေ့ဆုံခွင့်ရလို့ ဝမ်းမြောက်မိပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ကျွန်တော်တို့ရဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေဖို့ ၎င်းရဲ့ အပြုသဘောဆောင်တဲ့ သဘောထားအမြင်အပေါ် ကျေးဇူးတင်ရှိပါတယ်။ ငြိမ်းချမ်းရေး၊ တိုးတက်ရေးနဲ့ သာယာဝပြောရေးတို့အတွက် ကျွန်တော်တို့ရဲ့ မိတ်ဖက် ဆက်ဆံရေးကို မြှင့်တင်ဖို့ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနဲ့ ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံမယ့်ပွဲကို မျှော်လင့်နေပါတယ်” ဟု ရေးသားခဲ့သည်။
နယူးဒေလီမြို့သို့ မရောက်ရှိမီ ဦးမင်းအောင်လှိုင်သည် ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂါယာသို့ သွားရောက်ခဲ့သည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီရ် ဂျိုက်ဆဝေါလ်က ယခုခရီးစဉ်ကို ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး အိန္ဒိယနှင့် မြန်မာနိုင်ငံကြားရှိ နက်ရှိုင်းသော ယဉ်ကျေးမှုနှင့် စိတ်ဝိညာဉ်ရေးရာ ချိတ်ဆက်မှုများကို အလေးပေး ပြောကြားခဲ့သည်။
ဗုဒ္ဓဂါယာ ခရီးစဉ်အတွင်း မြန်မာသမ္မတသည် ဗုဒ္ဓဘာသာဝင်တို့၏ အမြတ်နိုးဆုံး ဓမ္မနယ်မြေတစ်ခုဖြစ်ပြီး ယူနက်စကို (UNESCO) ၏ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်သည့် မဟာဗောဓိစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။
အစောပိုင်းက သောကြာနေ့တွင် ပြုလုပ်သည့် အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွင် ဂျိုက်ဆဝေါလ်သည် နှစ်နိုင်ငံကြား ဆွေးနွေးမည့် အကျယ်တဝင့် အစီအစဉ်များကို အကြမ်းဖျင်း ရှင်းလင်းပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီတို့ နှစ်နိုင်ငံ ဆွေးနွေးမှုအခြေအနေများကို မကြာမီ ဆက်လက် ဖော်ပြပေးမည်ဖြစ်သည်။
Ref : ANI








