၁.၆.၂၀၂၆
Written by Linn Eain
သီလဝါဆိပ်ကမ်းတွင် ခေတ်မီသိုလှောင်ရုံအမှတ် (၁) ဖွင့်လှစ်လုပ်ငန်းစတင်ခဲ့ပြီး ကျန်ရှိသည့် သိုလှောင်ရုံသုံးလုံးကိုလည်း အဆင့်လိုက် ရင်းနှီးမြှုပ်နှံ တည်ဆောက်သွားရန် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက မေ ၃၁ ရက်၊ နံနက်ပိုင်းတွင် သီလဝါဆိပ်ကမ်းဒေသရှိ အကွက်အမှတ် (၂၉)ရှိ MAGDPL ၏ ခေတ်မီသိုလှောင်ရုံ အမှတ် (၁) လုပ်ငန်းစတင်ခြင်းအခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့ကြာင်း သိရသည်။
ထို့ပြင် သီလဝါဆိပ်ကမ်းဒေသရှိ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်ကျန်သည့် လုပ်ငန်းရှင်များအနေဖြင့်လည်း အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လည်း ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
သီလဝါဆိပ်ကမ်းရှိ ခေတ်မီသိုလှောင်ရုံအမှတ် (၁) လုပ်ငန်း စတင်ခြင်းအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် MAGDPLကုမ္ပဏီဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးက အထိမ်းအမှတ်ကမ္ပည်းမော်ကွန်းကြေးပြားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးကနိုင်ငံ၏ကုန်သွယ်မှုကို မြှင့်တင်ပေးနိုင်မည့် Transit Trade နှင့် Transshipment လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သီလဝါဒေသဆိပ်ကမ်းများသည် အဓိကအားကိုးရာနေရာများဖြစ်ကြောင်း၊ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက် (MAGDPL) အနေဖြင့် သီလဝါဆိပ်ကမ်းဒေသတွင် နိုင်ငံတကာကုန်သွယ်မှုအတွက် လိုအပ်သော အခြေခံအဆောက်အအုံဖြစ်သည့် ခေတ်မီသိုလှောင်ရုံကြီးကို အောင်မြင်စွာ တည်ဆောက်လည်ပတ်လုပ်ကိုင်နိုင်ပြီဖြစ်သည့်အတွက် ကျန်ရှိသည့် သိုလှောင်ရုံသုံးလုံးကိုလည်း အဆင့်လိုက် ရင်းနှီးမြှုပ်နှံတည်ဆောက်သွားရန်နှင့် သီလဝါဆိပ်ကမ်းဒေသရှိ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်ကျန်သည့် လုပ်ငန်းရှင်များအနေဖြင့်လည်း အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ခေတ်မီသိုလှောင်ရုံတည်ဆောက်ခြင်းနှင့် သက်ဆိုင်သည့် အချက်အလက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြပြီး သိုလှောင်ရုံတည်ဆောက်မှုဆိုင်ရာမှတ်တမ်း Video Clip ကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ခေတ်မီသိုလှောင်ရုံအတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် အသင်းအဖွဲ့အသီးသီးမှ ပြသထားသည့် ပြခန်းများ၊ ပြည်ပသို့တင်ပို့မည့် ပြောင်းစေ့များ စုပုံသိုလှောင်ထားမှုနှင့် ဆက်လက်တည်ဆောက်မည့် သိုလှောင်ရုံနေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
