၁.၆.၂၀၂၆
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံ၊ ဒေဂျွန်းမြို့ရှိ ဟန်ဝှာ အာကာသနည်းပညာ (Hanwha Aerospace) စက်ရုံတွင် ဇွန်လ ၁ ရက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူခြောက်ဦးသေဆုံးပြီး အခြားတစ်ဦးမှာ အသေးအမွှား ဒဏ်ရာများရရှိခဲ့ကြောင်း မီးသတ်အာဏာပိုင်များက ဇွန်လ ၁ ရက်တွင် ပြောကြားခဲ့သည်။
ဒေဂျွန်း မီးသတ်အာဏာပိုင်များက နံနက် ၁၀း၅၉ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းပို့အကြောင်းကြားချက် ၃၀ ကို လက်ခံရရှိခဲ့သည်။ ဖုန်းဆက်အကြောင်းကြားသူများက ၎င်းတို့ အနေဖြင့် ကျယ်လောင်သော ပေါက်ကွဲသံကို ကြားရပြီး မီးခိုးများထွက်လာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့ကြသည်။

မီးသတ်အာဏာပိုင်များက မီးသတ်စက်ပစ္စည်းကိရိယာ ၄၄ ခုနှင့် မီးသတ်သမား ၁၀၀ ခန့်ကို စက်ရုံသို့ စေလွှတ်ခဲ့ပြီး နံနက် ၁၁း၄၉ နာရီတွင် အဓိကမီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
သမ္မတ လီဂျေးမြောင်အား မတော်တဆမှုအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး ၎င်းက ပေါက်ကွဲမီးလောင်မှု၏ အကြောင်းရင်းကို သေချာစွာ စုံစမ်းစစ်ဆေးရန်အပြင် ထပ်မံဖြစ်ပွားခြင်းမှ ကာကွယ်ရန် အစီအမံများ ချမှတ်ရန်အတွက် အမိန့်ပေးခဲ့ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ကန်ယူဂျွန်းက ပြောကြားခဲ့သည်။
သမ္မတလီက ကယ်ဆယ်ရေးလုပ်ငန်းများနှင့် တုံ့ပြန်မှုလုပ်ငန်းများအတွက် ရရှိနိုင်သော အရင်းအမြစ်အားလုံးကို စုစည်းရန် အရာရှိများအား ညွှန်ကြားခဲ့ကြောင်းလည်းသိရသည်။
ရဲနှင့် မီးသတ်အာဏာပိုင်များက မီးလောင်လွယ်သော ဒုံးပျံလောင်စာ ပေါက်ကွဲမှုဖြစ်နိုင်သည်ဟု သံသယရှိကြောင်းပြောခဲ့ကြသည်။ မတော်တဆမှုဖြစ်ပွားရာနေရာကို လုံခြုံအောင် စီမံပြီးသည်နှင့် မတော်တဆမှု၏ တိကျသောအကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် ၎င်းတို့စီစဉ်ထားသည်။
ဒေဂျွန်းမြို့ အာကာသနည်းပညာ စက်ရုံတွင် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များကလည်း အသက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရသော ဒုံးပျံလောင်စာနှင့်ဆက်စပ်သည့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သေးသည်။
Ref-Korea Herald
