MT News
၂၉. ၅. ၂၀၂၆
မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဗဟိုဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ယမန်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး ရှေ့မှောက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စန္ဒာဦးနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ H.E. Mr. Alexander EGOROV တို့က အဆိုပါနားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးကာ စာချွန်လွှာများကို အပြန်အလှန် လဲလှယ်ခဲ့ကြသည်။
နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံဗဟိုဘဏ်တို့အကြား ငွေကြေး မူဝါဒများ၊ မေခရိုစီးပွားရေးဆိုင်ရာမူဝါဒများ၊ ဘဏ်လုပ်ငန်းစနစ်များနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ သဘောထားအမြင်များဖလှယ်ရန်၊ ငွေရေး ကြေးရေးနှင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် သတင်းအချက်အလက်များ ဖလှယ်ရန်၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မည့် နှစ်နိုင်ငံ၏ ကူးသန်းရောင်း ဝယ်ရေးဘဏ်များကို ကူညီထောက်ပံ့ပေးရန်စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အပြင် နှစ်နိုင်ငံဗဟိုဘဏ် များအကြား စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများကိုလည်း ပူးတွဲကျင်းပနိုင်မည် ဖြစ်သည့်အတွက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များလည်း ပိုမိုပြည့်ဝလာစေခြင်း စသည့် အကျိုးကျေးဇူးများ များစွာဖြစ်ထွန်းရရှိစေမည် ဖြစ်သည်။
