၂၉.၅.၂၀၂၆
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ အတ်တာပရာဒက်ရှ်ပြည်နယ်၊ ဟာမီပူရ်မြို့တွင် ဒေသအတွင်း ပြင်းထန်သော လေပြင်းများ တိုက်ခတ်၍ မိုးရွာသွန်းခဲ့မှုကြောင့် ဆောက်လုပ်ဆဲတံတားတစ်ခု၏ ကွန်ကရစ်အစိတ်အပိုင်းတစ်ခု မေလ ၂၇ ရက် ညနှောင်းပိုင်းက ပြိုကျခဲ့ရာ အလုပ်သမားခြောက်ဦး သေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
မေလ ၂၇ ရက် ညနှောင်းပိုင်းတွင် ပြင်းထန်သောလေနှင့် မိုးရွာသွန်းမှုကြောင့် တံတား၏ ကွန်ကရစ်ပြားတစ်ခု ရုတ်တရက် ပြိုကျသွားခြင်းဟု ၎င်းတို့က ဆိုကြသည်။
ဘက်ဝါမြစ်ကို ဖြတ်၍ ဆောက်လုပ်နေသော ထိုတံတား၏အစိတ်အပိုင်း ပြိုကျမှုတွင် မေလ ၂၈ ရက်အထိ အလုပ်သမား ခြောက်ဦး သေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တံတားပြား ပြိုကျသွားချိန်တွင် အလုပ်သမားများစွာသည် မုန်တိုင်းဒဏ်မှ ခိုလှုံရန် အဆောက်အအုံအောက်တွင်နှင့် အနီးတစ်ဝိုက်တွင် ရောက်ရှိနေခဲ့ကြသည်။
ရဲများ၊ ခရိုင်အုပ်ချုပ်ရေးအရာရှိများနှင့် ပြည်နယ်ဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ (SDRF) မှ အဖွဲ့များသည် ဖြစ်ရပ်ဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းများ စတင်ခဲ့သည်။
အလုပ်သမားသုံးဦးသည် တံတားတိုင်တစ်တိုင်ပေါ်တွင် ပိတ်မိနေပြီး ၎င်းတို့ကို ကယ်ဆယ်ရန် ကြိုးပမ်းခဲ့ကြသည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
Ref-Hindustan Times
