ပုံစာ။ ယမန်နှစ်က ကျင်းပသော SCO ထိပ်သီးအစည်းအဝေးတွင် လက်ရှိ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့ နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပခဲ့စဥ် မြင်ကွင်း။
သတိုး
၂၉. ၅. ၂၀၂၆
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်တစ်ရပ် သွားရောက်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ယခုခရီးစဉ်သည် ပြီးခဲ့သည့်လက ပြည်ထောင်စုလွှတ်တော်၏ ရွေးချယ်တင်မြှောက်မှုအရ သမ္မတရာထူးကို လွှဲပြောင်းရယူခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သွားရောက်သည့် ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ မြို့တော် နယူးဒေလီသို့ သွားရောက်မည့် အဆိုပါ ချစ်ကြည်ရေးခရီးစဉ်အတွင်း ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁ ရက်နေ့တွင် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားသည်။
ထို့အပြင် အိန္ဒိယနိုင်ငံသမ္မတနှင့်လည်း တွေ့ဆုံမည်ဖြစ်သည့်အပြင် အိန္ဒိယအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် အကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်သည်။
ယင်းအပြင် အထင်ကရ အခြေခံအဆောက်အဦ စီမံကိန်းများကိုလည်း လေ့လာသွားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်၍ ဆွေးနွေးသွားမည်ဖြစ်သည်။
အဆိုပါခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားမည်ဖြစ်သည်။
Ref : Reuters



