သက်တံ့
၂၉. ၅. ၂၀၂၆
ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတားနှင့် မဲဆောက်ရှိ အမြဲတမ်းနယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဆယ်လကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကြာသပတေးနေ့ (မေ ၂၈ ရက်)တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အရှေ့တောင်အာရှ၏ အစည်ကားဆုံး ကုန်းလမ်းဖြတ်ကျော်နေရာတစ်ခုတွင် ကုန်သွယ်မှုများ ပြန်လည်စတင်နိုင်ရန် နှစ်ဖက်လုံခြုံရေးတာဝန်ရှိသူများက လမ်းဖွင့်ပေးခဲ့ကြသည်။
မဲဆောက်ခရိုင်၊ ထာ့ဆိုင်းလွတ်ဆပ်ခရိုင်၊ မူး (၇)၊ ဘန်ဝမ်တာခီယန်တိုင်ရှိ အဆိုပါစစ်ဆေးရေးဂိတ်ကို မြဝတီမြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းကတည်းက မြန်မာအာဏာပိုင်များက ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ပိတ်ထားခြင်းကြောင့် တက်ခ်ခရိုင်အတွင်းရှိ နယ်စပ်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။

နှစ်ဖက်တာဝန်ရှိသူများသည် မွန်းတည့်ချိန်တွင် မြန်မာနိုင်ငံဘက်ခြမ်းရှိ မြဝတီအမှတ် (၂) စစ်ဆေးရေးဂိတ်၌ တွေ့ဆုံခဲ့ကြပြီး ဆွေးနွေးမှုများ အဆင်ပြေချောမွေ့ခဲ့ကြောင်း သိရသည်။ ထို့နောက် မကြာမီမှာပင် ထိုင်းကုန်တင်ကားတစ်စီးသည် ကုန်ပစ္စည်းများ ချရန်အတွက် အဆိုပါတံတားကို ဖြတ်ကျော်ကာ မြဝတီမြို့ထဲသို့ ပထမဆုံးဝင်ရောက်သွားခဲ့သဖြင့် လမ်းပြန်ပွင့်မည့်ရက်ကို လနှင့်ချီ၍ စောင့်ဆိုင်းနေခဲ့ရသည့် ကုန်သည်များနှင့် ယာဉ်မောင်းများ ပြုံးပျော်ခဲ့ကြသည်။
မဲဆောက်အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဖြစ်သူ Mr. Yotphon Wichayakul က ထိုင်းအာဏာပိုင်များအနေဖြင့် ဌာနအားလုံးမှ ဖြတ်ကျော်သွားလာမှုများကို လုပ်ဆောင်ပေးရန် အပြည့်အဝ အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးဖြတ်တောက်ထားပြီးနောက် မြဝတီစစ်ဆေးရေးဂိတ်သည် လက်ရှိတွင် ဆိုလာစနစ်ဖြင့်သာ လည်ပတ်နေရသဖြင့် မြန်မာနိုင်ငံဘက်၌ လျှပ်စစ်မီးမတည်ငြိမ်မှုများ ရှိနေဆဲဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ မြန်မာတာဝန်ရှိသူများက ၎င်းတို့၏စနစ်များ အပြည့်အဝ ပြန်လည် လည်ပတ်နိုင်ရန်အတွက် စစ်ဆေးရေးဂိတ်သို့ လျှပ်စစ်မီးပြန်လည်ပေးသွင်းရန် ထိုင်းနိုင်ငံကို တောင်းဆိုထားသည်။

လုပ်ငန်းစဉ်အားလုံးကို တစ်လအတွင်း အပြည့်အဝ ပြန်လည်စတင်နိုင်ရန် မျှော်မှန်းထားသည်။ ကြာသပတေးနေ့က ပြန်လည်ဖွင့်လှစ်မှုသည် ကာလရှည်ကြာပိတ်ထားခဲ့ပြီးနောက် စစ်ဆေးရေးဂိတ်နှစ်ခုလုံး၏ စနစ်များကို စမ်းသပ်ရန်နှင့် မြန်မာနိုင်ငံဘက်ခြမ်းတွင် ကျန်ရှိနေသည့် နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်အတွက် စမ်းသပ်ကာလ (Trial Run) အဖြစ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ်ခြင်းကြောင့် ယင်းဒေသရှိ ပို့ကုန်၊ သွင်းကုန်နှင့် ထောက်ပံ့ပို့ဆောင်ရေး (Logistics) လုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန်နှင့် တက်ခ်ခရိုင်၏ နယ်စပ်စီးပွားရေးကို ပိုမိုမြှင့်တင်ပေးနိုင်ရန် မျှော်လင့်ကြောင်း Mr. Yotphon က ပြောကြားခဲ့သည်။
Ref : Khaosod
