နေမိုး
၂၉. ၅. ၂၀၂၆
CDF ဟားခါး၏ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လိန်းက အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်ကို လဲကျအောင် ပါးရိုက်သဖြင့် ဆလိုင်းဇာကျုံးလျန်၏ ပစ်သတ်မှုကို ခံလိုက်ရကြောင်းနှင့် ကျူးလွန်သူ အရေးယူထားကြောင်း ချင်းလက်နက်ကိုင် CDF ဟားခါးအဖွဲ့က သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် နံနက် ၉ နာရီ မိနစ် ၅၀ ခန့်တွင် CDF-Hakha ရုံးချုပ်ခန်းမဆောင်ကို တာဝန်ရှိသူတို့၏ ခွင့်ပြုချက်မရှိဘဲ CDF-Hakha လက်ရှိတပ်သား ဆလိုင်းဆန်လိန်းနှင့် သူ့ထမင်းချက်စားဖိုမှူး (ထောင်သား)၊ စက်ကြီးမောင်း (၁)ဦးတို့မှ အကြောင်းမဲ့ လာရောက်ဖြိုချကြောင်း CDF-Hakha အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်မှ သတင်းရရှိကာ သွားရောက်တားဆီးပြီး စကားများကြရာ ဆလိုင်းဆန်လိန်းမှ အထွေထွေအတွင်း ရေးမှူး ဆလိုင်းဇာကျုံးလျန်ကို မှောက်လှဲအောင်အထိ ပါးရိုက်မှု ဖြစ်ပွားခဲ့သည်။ ထိုသို့ဖြစ်စဉ်ကို တရားရေးရုံး၏ ဖမ်းဝရမ်းဖြင့် ဖမ်းဆီးနေစဉ်အတွင်း CDF-Hakha ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆလိုင်းဇာကျုံးလျန်မှ ဆလိုင်းဆန်လိန်းအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ရသည်။ မိမိတို့ ရဲဘော်အချင်းချင်းအကြား ဖြစ်ပွားခဲ့သည့် ပြဿနာများကို လက်နက်အသုံးပြုပြီး လူသတ်မှုကျူးလွန်ခြင်းသည် လုံးဝ (လုံးဝ) မဖြစ်သင့် မရှိအပ်သော အပြုအမူ၊ စိတ်ရွံ့ဖွယ်ရာလုပ်ရပ်ဖြစ်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ဆိုသည်။
လူသတ်မှုကျူးလွန်သော CDF-Hakha Central Council ၏ အထွေထွေ အတွင်းရေးမှူး (General Secretary) ဆလိုင်း ဇာကျုံးလျန်အား တရားစွဲဆိုရန် ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားရှိပြီး အထွေထွေ အတွင်းရေးမှူး ရာထူးမှ ရပ်ဆိုင်းလိုက်သည်။
ဆလိုင်းဆန်လိန်းသည် CDF-Hakha ဖွဲ့စည်းတည်ထောင်သူအဖွဲ့ဝင်တစ်ဦးဖြစ်သည် သာမက အားကိုးအားထားရသော ဗျူဟာမှူးဟောင်း၊ တပ်မဟာမှူးဟောင်း (ပူးတွဲ) အထွေထွေအတွင်းရေးမှူးဟောင်း၊ ဒုတိယဥက္ကဋ္ဌဟောင်းနှင့် လက်ရှိ တပ်သားဘဝဖြင့် အဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်နေထိုင်သူ ဖြစ်သည်။
ဤဖြစ်စဉ်နှင့်ပတ်သက်၍ တရားမျှတမှုနှင့် အမှန်တရားကို အမြန်ဆုံးဖော်ထုတ် ဆောင်ရွက်နိုင်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ကို CDF-Hakha Central Council ကာကွယ်ရေးကော်မတီ၊ Legal Affairs Department၊ ချင်းလန်းကောင်စီ (Chinland Council) ၏ ကာကွယ်ရေးဝန်ကြီးဌာန (Ministry of Defense MoD) မှ ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက်နေသည်။ CDF-Hakha Central Council ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဉပဒေ၊ စစ်ဥပဒေနဲ့အညီ ပွင့်လင်းစွာ နှင့် တရားမျှတစွာ တရားစီရင်မှုကို ပြည်သူ့ရှေ့မှောက်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။




