၂၉.၅.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ Blue Origin ကုမ္ပဏီမှ ထုတ်လုပ်သော ဒုံးပျံတစ်ခုသည် ဖလော်ရီဒါပြည်နယ်ရှိ ၎င်း၏ ပစ်လွှတ်စင်ပေါ်တွင် မြေပြင်စမ်းသပ်မှုတစ်ခု ပြုလုပ်နေစဉ် မေလ ၂၈ ရက် (မနေ့က) ညပိုင်းတွင် ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။
ဗီဒီယိုမှတ်တမ်းများအရ New Glenn ဒုံးပျံသည် မီးလုံးကြီးတစ်ခုအဖြစ် ပေါက်ကွဲသွားပြီး ၎င်းပတ်ဝန်းကျင်ရှိ နေရာတစ်ခုလုံးကို မီးတောက်များ ဖုံးလွှမ်းသွားသည်ကို တွေ့ကြရသည်။
Blue Origin ကုမ္ပဏီက Hotfire မြေပြင်စမ်းသပ်မှု ပြုလုပ်နေစဉ် ဒုံးပျံသည် “ပုံမှန်မဟုတ်သော အခြေအနေ (Anomaly)” တစ်ခုကြုံတွေ့ခဲ့ရသည်ဟု လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။ အဆိုပါ အာကာသနည်းပညာ ကုမ္ပဏီကို Amazon ဘီလျံနာ Jeff Bezos က ၂၀၀၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ Bezos က ၎င်း၏လူမှုမီဒီယာတွင် ဝန်ထမ်းအားလုံးကို စာရင်းပြုစုထားပြီးဖြစ်ကာ အားလုံးဘေးကင်းကြောင်း ရေးသားခဲ့သည်။
Bezos က “ပေါက်ကွဲမှုရဲ့ အခြေခံအကြောင်းရင်းကို သိရှိဖို့ အခုအချိန်မှာတော့ စောလွန်းပါသေးတယ်။ ဒါပေမဲ့ ဒါကို ကျွန်တော်တို့ ရှာဖွေလုပ်ဆောင်နေပါပြီ။ တကယ့်ကို ခက်ခဲတဲ့နေ့တစ်နေ့ ဖြစ်ခဲ့ပေမဲ့ ပြန်လည်ပြင်ဆင်ဖို့ လိုအပ်တာတွေကို ပြန်တည်ဆောက်ပြီး ပျံသန်းမှုတွေဆီ ပြန်သွားမှာပါ။ ဒါဟာ လုပ်ဆောင်ရကျိုးနပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
အမေရိကန် အာကာသတပ်ဖွဲ့ (US Space Force) ကလည်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေပြီး ပုံမှန်မဟုတ်သော ဖြစ်စဉ်၏ တိကျသောအကြောင်းရင်းကို သိရှိနိုင်ရန်အတွက် ရရှိနိုင်သော အချက် အလက်များကို ကုမ္ပဏီနှင့်အတူ ပူးပေါင်းအကဲဖြတ်နေကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လကလည်း ဂြိုဟ်တုလွှတ်တင်မှု မအောင်မြင်ခဲ့သည့် ဖြစ်စဉ်တစ်ခုကြောင့် FAA ၏ စုံစမ်းစစ်ဆေးမှုအမိန့်အရ Blue Origin ၏ ဒုံးပျံသစ်ကို ပျံသန်းမှု ခေတ္တရပ်နားခဲ့ရသေးသည်။ ကုမ္ပဏီသည် AST Space Mobile ၏ ဆက်သွယ်ရေးဂြိုဟ်တုကို New Glenn ဒုံးပျံဖြင့် လွှတ်တင်ရန် ကြိုးပမ်းခဲ့သော်လည်း ရည်မှန်းထားသည့် ပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာ မပို့ဆောင်နိုင်ခဲ့ပေ။
အဆိုပါ အာကာသကုမ္ပဏီသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဖလော်ရီဒါမှ New Glenn ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး ဒုံးပျံ၏ ပြန်လည်အသုံးပြုနိုင်သည့် Booster ကို ပထမဆုံးအကြိမ် အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ဖူးသည်။
Ref: BBC
