၂၉.၅.၂၀၂၆
Written by Linn Eain
ဒလမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျောဖြစ်ပွားသူ ၂၅ ဦးတွင် ပြင်းထန်ပိုးတွေ့လူနာ ၈ ဦးရှိသဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV) အား အကျုံးဝင် လူဦးရေ (၅၀၀၀)ကို မေ ၂၉ ရက်တွင် တိုက်ကျွေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ မိုးဦးကျရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများ ကာကွယ်ဆေးအတွက် ရန်ကုန်တိုင်းမြို့နယ်အသီးသီးတွင် ပြည်သူလူထုပါဝင်သောလှုပ်ရှားမှုအသွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်တွင် မေလအတွင်း ဝမ်းပျက်ဝမ်းလျောဖြစ်ပွါးသူ (၂၅)ဦးထဲတွင် ပြင်းထန်ပိုးတွေ့လူနာ (၈) ဦးရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းသည် ဒလမြို့သို့ ကွင်းဆင်းသွားရောက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆရာဝန်ကြီး၊ ဝန်ထမ်းများနှင့် တိုင်ပင်၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV) အား အကျုံးဝင် လူဦးရေ (၅၀၀၀)အား တိုက်ကျွေးရန် ဆောင်ရွက်ခဲ့ကြောင်းသိသည်။
ဒလမြို့နေပြည်သူများအနေဖြင့်လည်း မိမိတို့အိမ်ရာဝန်းကျင်တွင် အမှိုက်ကင်းစင်ရေး၊ မိမိတို့ရပ်ကွက်အတွင်းရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသော သုံးရေသောက်ရေရရှိရေးတို့ကို သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။






